Local News

နှမ်းနက်(စမုံ)စျေး အနည်းငယ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို အဓိကထားစိုက်ပျိုးကြသလို နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးစလုံး စိုက်ပျိုးကြပါသည်။ နှမ်းစိုက်ဧကအားဖြင့် (၁၂)သိန်းကျော်ရှိပြီး မြို့ နယ်အားလုံးလိုလို စိုက်ပျိုး ကြသော်လည်း နှမ်းနက်(စမုံ)ကို မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ မင်းဘူးဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်ဒေသများတွင် အနည်းငယ်သာ စိုက်ပျိုးကြပါ သည်။ ယခုသြဂုတ်လမှစ၍ နှမ်းနက်(စမုံ)များ ပေါ်စပြုပြီဖြစ်ရာ ပေါ်စမှာပင် တောင်သူများ စျေးကောင်းရနေကြောင်း သိရှိရပါသည်။ နှမ်းနက်(စမုံ)သီးနှံသည် ပြည်ပပို့ကုန်အနေဖြင့် တင်ပို့ရောင်းချရသော နိုင်ငံခြားဝင်ငွေရရှိနေ သည့်သီးနှံလည်းဖြစ်ပါသည်။ နှမ်းသီးနှံစိုက်ပျိုးပါက ကုန်ကျစရိတ်အားဖြင့် တစ်ဧကလျှင် (၄)သိန်း ကျော်ပျှမ်းမျှကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင်(၆.၅၆)တင်း ပျမ်းမျှထွက်ရှိရာ နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ယခုပေါက်စျေး (၃)သိန်းဖြင့်တွက်ချက်ပါက အကျိုးအမြတ် အားဖြင့် တစ်ဧကလျှင် (၁၄)သိန်းကျော် ပျမ်းမျှရရှိသည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တွက်သားကိုက်သည့် သီးနှံလည်းဖြစ်ပါသည်။ ယခင်ဇူလိုင်လတွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်စျေး သာရရှိခဲ့ပြီး ယခုသြဂုတ်လဆန်းပိုင်း နှမ်းအသစ်စတင်ထွက်ပေါ်ချိန်မှာပင် (၃၀၀၀၀၀)ကျပ်စျေး အထိရရှိသည့်အတွက် စျေးအနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News