Local News

ငါန်းဇွန်မြို့နယ် ပဲစင်းငုံသီးနှံများ လှိုင်လှိုင်ထွက်ပေါ်၍ အ‌ရောင်းသွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ပဲစင်းငုံသီးနှံများကို ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရန် လျာထားမှုအနေဖြင့် ၃၀,၂၉၅ ဧကရှိပြီး၊ အမှန်စိုက်ပျိုးနိုင်မှုမှာ ၃၁,၆၀၄ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထားချက်ထက် ၁,၃၀၉ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းထွက်ပေါ်လျက်ရှိပြီး ဇန်နဝါရီလ၊ စတုတ္ထပတ်အတွင်း စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ရာ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀.၉၀ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မေလနှင့် ဇွန်လတို့တွင် ပဲစင်းငုံသီးနှံကို စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ပဲစင်းငုံကို သီးသန့်စိုက်ပျိုးမှုများအပြင် မြေပဲ၊ နှမ်းစသည့် သီးနှံစိုက်ခင်းများတွင် သီးညှပ်အဖြစ် ပိုမိုစိုက်ပျိုးကြကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲစင်းငုံ တစ်တင်းလျှင် ၉၀,၀၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇန်နဝါရီလဒုတိယပတ်တွင် တစ်တင်းလျှင် ၁၀၅,၅၀၀ ကျပ်ခန့်ဖြစ်ပြီး ဇန်နဝါရီလစတုတ္ထပတ်တွင် တစ်တင်းလျှင် ၁၂၀,၀၀၀ ကျပ်ခန့်ဖြစ်ရာ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပဲစင်းငုံသီးနှံများ လှိုင်လှိုင်ထွက်ရှိနေသော်လည်း လက်ရှိအချိန်တွင်  ဈေးနှုန်းကျဆင်းမှုမရှိဘဲ အရောင်းသွက်နေကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News