International News

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီများ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုကျဆင်း

Last Updated:

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ  တိုးတက်မှုရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဈေးကွက်များသို့ တင်ပို့နိုင်မှုမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ စားအုန်းဆီ တန်ချိန် ၇၈၁၀၀၀ တန်သာ တင်ပို့ခဲ့ရာ သြဂုတ်လ၌ တင်ပို့နိုင်မှု တန်ချိန် ၉၂၀၀၀၀ အပေါ် ၁၅.၁၁% လျော့ကျခြင်းဖြစ်ကြောင်း  အင်ဒိုနီးရှားစားအုန်းဆီအသင်း (Gapki) က ၂၁-၁၁-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားစားအုန်းဆီအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Mukti Sardjono က အိန္ဒိယနိုင်ငံသို့ စားအုန်းဆီတင်ပို့မှုသည် သြဂုတ်လတွင် တန်ချိန် ၇၄၄၀၀၀ ရှိခဲ့ရာမှ စက်တင်ဘာလ၌ တန်ချိန် ၃၅၂၀၀၀ သာရှိပြီး တင်ပို့မှုကျဆင်းသွားခဲ့ကြောင်း၊ တစ်နည်းအားဖြင့် ဩဂုတ်လတင်ပို့မှု ပမာဏ၏ တစ်ဝက်မျှသာရှိကြောင်း ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုသည် စက်တင်ဘာလတွင် စုစုပေါင်းတန်ချိန် ၂.၆၉ သန်းခန့်ရှိခဲ့ပြီး သြဂုတ်လတွင် တန်ချိန် ၂.၀၇ သန်းသာ တင်ပို့မှုရှိခဲ့သည့်အတွက် ၂၉.၉% တိုးမြင့်လာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ စားအုန်းဆီတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၁၁ ဘီလီယံရှိကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက ဖော်ပြပါသည်။

ပြုပြင်ပြီးစားအုန်းဆီကြမ်း (Processed CPO)  တင်ပို့မှုသည် သြဂုတ်လတွင် တန်ချိန် ၁.၂၅ သန်းခန့်ရှိရာမှ စက်တင်ဘာလ၌ တန်ချိန် ၁.၉၇ သန်းအထိ မြင့်တက်လာခဲ့သည်။ အလားတူကာလအတွင်း စားအုန်းဆီကြမ်းတင်ပို့မှုမှာ တန်ချိန် ၃၁၇၀၀၀ ရှိခဲ့ရာမှ တန်ချိန် ၂၃၃၀၀၀ သို့ ကျဆင်းခဲ့ကြောင်း၊ Oleochemical တင်ပို့မှုသည် ဩဂုတ်လ၌ တန်ချိန် ၄၁၆၀၀၀ ရှိရာမှ စက်တင်ဘာလတွင် တန်ချိန် ၃၃၃၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု တန်ဖိုးသည် ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံး၌ အမေရိကန် ဒေါ်လာ ၃၉.၀၇ ဘီလီယံရှိခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၃၃.၉၃ သန်းအထိ ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမ ၉ လအတွင်း စားအုန်းဆီ တင်ပို့မှုပမာဏ တန်ချိန် ၂၄.၆ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁.၃၁ ဘီလီယံရှိကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက ဖော်ပြပါသည်။

ယခင်အစီရင်ခံစာများအရ တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီ တင်ပို့မှု တန်ချိန် ၆.၃၅ သန်း အထိရှိပြီး ပြီးခဲ့သည့်နှစ်တွင် ထိပ်တန်းဝယ်ယူသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း၊ တရုတ်နိုင်ငံ၏နောက်တွင် အိန္ဒိယနိုင်ငံက တန်ချိန် ၅.၅၄ သန်း နှင့် ပါကစ္စတန်က တန်ချိန် ၂.၈၃ သန်းဖြင့် အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးရှိခဲ့ကြောင်းနှင့် အင်ဒိုနီးရှား-တရုတ် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၉၃.၄၄ ဘီလီယံရှိကြောင်း အင်ဒိုနီးရှား အစိုးရဌာနများ၏ အချက်အလက်များတွင် ဖော်ပြကြောင်း သတင်းရရှိပါသည်။

Source: Jakarta Globe, 21 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News