Local News

နှစ်စဉ် တန်ချိန် ၁၉၀,၀၀၀ ကျော် ပြည်ပတင်ပို့နေရတဲ့ ရော်ဘာ ဧပြီလထဲ ပြည်တွင်းဈေးကောင်းနေ

Last Updated:
     နိုင်ငံပေါင်း ၇ နိုင်ငံသို့ နှစ်စဉ် တန်ချိန် ၁၉၀,၀၀၀ ကျော် တင်ပို့နေရတဲ့ မြန်မာ့ရော်ဘာ ဈေးကွက်ဟာ ပြည်ပဈေးကွက်မှာ သာမက ပြည်တွင်း ဈေးကွက်အတွင်းမှာလည်း ဈေးကောင်းရရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ ပြီးခဲ့တဲ့ မတ်လပထမအပတ်က ရော်ဘာအထူခြောက် တစ်ပေါင်ကို ငွေကျပ် ၁၀၀၀ ရှိရာမှ မတ်လ တတိယအပတ်မှာ ၉၄၅ ကျပ်သို့ ကျဆင်းခဲ့ပေမယ့် အခုဧပြီလမှာတော့ ငွေကျပ် ၁၂၀၀ ကို ပြန်လည်မြင့်တက် လာပါတယ်။
     အဲလိုဈေးကောင်းရရှိတာဟာ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဝယ်လိုအားကြောင့် ဈေးကောင်းရနေတာဖြစ်တယ်လို့ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (တနင်္သာရီတိုင်းဒေသကြီး) မှသိရပါတယ်။ “လက်ရှိ ပြည်တွင်းရော်ဘာဈေးပြန်လည်မြင့်တက်နေတာကတော့ ပြည်ပ ရော်ဘာဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်ရော ထိုင်းဈေးကွက်မှာပါ ဈေးကောင်းရရှိနေတာကြောင့်ဖြစ်တယ်။ မြန်မာ့ဒေသထွက် ရော်ဘာကိုလည်း တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်တယ်” လို့ ၎င်းအသင်းတာဝန်ရှိသူက ပြောပါတယ်။ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးကြပြီး စုစုပေါင်းစိုက်ဧက ၁ ဒသမ ၆ သန်းကျော် ရှိပါတယ်။

     အဲဒီ စိုက်ဧကတွေက ထွက်ရှိတဲ့ ရော်ဘာတွေကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ တွေကို တင်ပို့နေတာလို့သိရပါတယ်။ 

Source: https://t.me/htwettoe

 
 
Category: Local News