Local News

ကမ္ဘာသကြား စျေး မြင့်တက်နေသည့် အတွက် ပြည်တွင်းသကြား စျေးလိုက်လံမြင့်တက်

Last Updated:
     ကမ္ဘာ သကြားစျေး မှာ မြင့်တက်နေသည့် အတွက် လက်ကျန်နည်းနေသည့်ပြည်တွင်း သကြားစျေးမှာ လိုက်လံမြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ကမ္ဘာသကြားစျေးမှာ တစ်တန်လျှင် ယခင်က ဒေါ်လာ ၆၇၀ ၊၆၈၀ သာ ရှိခဲ့ပြီး လက်ရှိ တစ်တန်လျှင် ၇၁၁ ဒေါ်လာအထိ မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါသည်။
     “လက်တလော ကမ္ဘာ့ သကြားစျေးက တော်တော်မြင့်တက်နေတယ်။ ဒါကြောင့် ပြည်တွင်းစျေးက လိုက်လံမြင့်တက်လာတဲ့ သဘောပါ။ နောက်ပြီး export ထွက်ထားတော့ သကြားလက်ကျန်တော်တော်နည်းနေတယ်၊ ကမ္ဘ့ာစျေးကလဲတက်နေတော့ ပြည်တွင်းမှာလဲ နောက်ဆုံးပိတ် အရောင်းဝယ်ဖြစ်သွားတဲ့စျေး က ၃၁၇၅ ပါ၊ စက်ရုံစျေး ပေါ့ “ ဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်းထွန်း ကပြောထားသည်။ 
       ယခင်က သကြား တပိဿလျှင် ၂၉၃၀ ကျပ်သာပေါက်စျေးရှိပြီး လက်ရှိ တစ်ပိဿလျှင် ၃၁၇၅ ကျပ် အထိ အမြင့်စျေး တွင် ရှိကြောင်း သိရသည်။ လက်ရှိ export အနေဖြင့် ဗီယက်နမ်သို့ အားအများဆုံး တင်ပို့နေပြီး မကြိတ်ခင်တည်းက ကြိုတင် စာချုပ်ချုပ်ဆိုထားသည့် သကြားတန်ချိန်များ ကို တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံသို့ ပျှမ်းမျှ တန်ချိန်၉သောင်း ခန့် တင်ပို့ထား ကြောင်း သိရသည်။
      “သကြားထွက်ပြီး ဒီချိန်က သကြားစျေး အရမ်းတက်တဲ့ အချိန်မဟုတ်ဘူး၊မိုး အကုန်ဆောင်း အစမှာ စတက်တာပေါ့ ၊ပြည်ပ export ပုံမှန် သွားနေရတာကြောင့် စျေးကတော့ အတက်စျေးမှာပဲရှိမှာပါ။” ဟု သကြားကုန်သည်တစ်ဦး ကပြောသည်။ ယခုနှစ်သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် ပြည်တွင်း သကြားစက်ရုံအသီးသီးမှ ကြံဈေးနှုန်းများကို တိုးမြှင့်ပေးခဲ့ကြောင်း ကြံစိုက်တောင်သူများ မှ သိရသည်။ ပြည်တွင်းသကြားစက်ရုံများ အနေဖြင့် ကြံကြိတ်ရာသီအတွက် ကြံစျေး ၉ သောင်း သတ်မှတ်ထားရာမှ လက်ရှိသကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀အထိ တိုးပေးဝယ်နေခဲ့ကြောင်း သိရသည်။ 
      ကိုဗစ်ကြောင့် ပြီးခဲ့သည့် နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ ပြီး ကြံစိုက်ဧကများ ကို လျော့ချ စိုက်ပျိုးခဲ့ ခြင်း များလည်း ရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့် အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။ တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် ၄ သိန်းခန့် ထွက်ရှိကြောင်း ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။
Category: Local News