Local News

ယခုဘဏ္ဍာနှစ် (၃) ပတ်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၀၃ ဒဿမ ၇၇ သန်းရရှိထား

Last Updated:
     ယခုဘဏ္ဍာနှစ်စ ဧပြီလ (၃) ပတ်တာအတွင်း မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၀၃ ဒဿမ ၇၇ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်း‌ကြောင်းပေါ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့မှ ကုန်သွယ်မှုပြုလုပ်လျက်ရှိပြီး စီးပွားကူးသန်း၏ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ (၂၁) ရက်အထိ စာရင်းအချက်အလက်များအရ နယ်စပ်ဂိတ်အားလုံး၏  ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၄ ဒ ဿမ ၆၃ သန်းရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇ ဒဿမ၆၃ သန်းရရှိထားကြော င်း သိရသည်။
       ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၉ ဒဿမ ၆၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၂၁ ဒဿမ ၅၈ သန်း၊ ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၃၀ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှု ပြုလုပ်ထားနိုင်ကြောင်း သိရသည်။ သင်္ကြန်ကာလ အပြီးတွင် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးသည်  ပုံမှန်အတိုင်းလည်ပတ်နေပြီး နေ့စဉ်ကားအစီးရေ ၂၀၀ ဝန်းကျင် ဝင်ထွက်သွားလာ၍ ကုန်သွယ်မှုပြုလုပ်လျက်ရှိကာ ယခင်နှစ်ထက် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ပိုမိုတိုးတက်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်း ထားသည်။
      မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စတဲ့ လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီးစသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
Source: Popular News Journal
 
Category: Local News