Local News

ငှက်ပျောသီးတစ်ဖီးလျှင် လေးထောင်ကျပ်အထိ ဈေးမြင့်တက်

Last Updated:

                သဘာဝဘေးန္တရာယ်ကြောင့် ထိခိုက်မူရှိခဲ့သောကြောင့် ပြည်တွင်းစားသုံးသူဈေးကွက်တွင် ငှက်ပျောသီး တစ်ဖီးလျှင် ငွေကျပ် လေးထောင်အထိ ဈေးနှုန်း မြင့်တက်နေကြောင်း   ရန်ကုန်မြို့ရှိ ငှက်ပျောသီးတင်ပို့ ရောင်းချသူများထံမှ သတင်းရရှိသည်။ ပြည်တွင်းစားသုံးသူဈေးကွက်တွင် ဖီးကြမ်း၊ သီးမွှေး၊ ရွှေနီငှက်ပျော၊ ရခိုင်ငှက်ပျောများ အရောင်းဝယ်ဖြစ်နေပြီး ယင်းငှက်ပျောသီးတစ်ဖီးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ငှက်ပျောသီးတစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ ကျပ် မှ ၂၅၀၀ကျပ် အတွင်း ဈေးခုန်တက်လာကြောင်း သိရှိရသည်။ 

           ဖီးကြမ်း တစ်ဖီးလျှင် ယခင်က ၁၈၀၀ ကျပ် နှင့် ၂၅၀၀ ကျပ် အကြား ရှိရာမှ ယခုဆိုလျှင် တစ်ဖီးလျှင် ၁၈၀၀ကျပ် နှင့် ၃၅၀၀ ကျပ်အကြား ၊ သီးမွှေး ငှက်ပျောသီးတစ်ဖီးလျှင် ယခင်က ဈေးအမြင့်ဆုံး ၂၅၀၀ ကျပ်ရှိရာမှ  ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး ၁၀၀၀ ကျပ် နှင့် ၄၀၀၀ ကျပ်အကြား၊ ရွှေနီငှက်ပျောသီးတစ်ဖီးလျှင်ယခင်ကဈေး  မြင့်ဆုံး ၃၀၀၀ ကျပ်ရှိရာမှ ပစ္စည်းအရည်သွေးပေါ်မူတည်ပြီး ၁၅၀၀ ကျပ်မှ ၄၅၀၀ကျပ်၊ ရခိုင်ငှက်ပျော တစ်ဖီး လျှင် ယခင်က ၄၀၀ ကျပ်နှင့် ၅၀၀ ကျပ်ရှိရာမှ ၁၃၀၀ ကျပ်အထိ ဈေးမြင့်တက်လာကြောင်း ပြည်တွင်းငှက်ပျော သီး ဈေးကွက်မှ သတင်းရရှိသည်။ 

         “အရင်က ငှက်ပျော သီးတစ်ဖီးမှ ၁၅၀၀ ကျပ်ပဲ ရှိတာ ရောင်းလို့အဆင်ပြေတယ်။ အခုတော့ဗျာ ငှက်ပျောတစ်ဖီး လေးထောင်ကျပ်အထိ ဖြစ်လာတော့ တစ်ဆင့်ယူရောင်းဖို့ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ကျွန်တော်ဆိုရင် ဖီးကြမ်းပဲ ယူရောင်းတော့တယ်။ သီးမွှေးကို မကိုင်နိုင်တော့ဘူး”ဟု ငှက်ပျောသီးလက်လီရောင်းချနေသူ တစ်ဦးကပြောသည်။ ယခုငှက်ပျောသီးဈေးနှုန်းများ တက်ရခြင်းမှာ ယခုနှစ်တွင်မြှင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့်လည်း သက်ဆိုင်မူရှိသည့်အပြင် သွင်းအားစုစရိတ်များ ကြီးမြင့်လာမူကြောင့် ငှက်ပျောစိုက်ပျိုးသူတောင်သူများလျော့နည်းလာသည့်နှင့်လည်း သက်ဆိုင်မူရှိကြောင်း၊ ထို့ပြင် ယခုနှစ်တွင်း တိုက်ခတ်ခဲ့သော မိုခါ မုန်တိုင်းနှင့် ဧပြီ လ ၂၁ ရက်နေ့တွင်နေပြည်တော်တွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ငှက်ပျောစိုက်ခင်း ဧက ငါးသောင်းကျော် ပျက်စီးခဲ့ရကြောင်း ငှက်ပျောစိုက်ပျိုးသူများထံမှသတင်းရရှိသည်။  

           “အရင်က ရန်ကုန်ကို တစ်ရက် ငှက်ပျော ကား ၄ စီး၊ ငါးစီးဝင်တယ်။ အခုတစ်ပတ်ကိုနှစ်စီးပဲ ဝင်တော့တယ်။  ဈေးကွက်မှာက ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှတော့ ကုန်ပစ္စည်းကဈေးတက်လာတာပေါ့။ ဒီနှစ်ကသဘာ ဝဘေးအန္တရာယ်ဖြစ်တာက တစ်ကြောင်း၊ စိုက်တဲ့သူနည်းတာက တစ်ကြောင်းကြောင့် ငှက်ပျောအထွက်နှုန်း လျော့တယ်။ အဲဒါကြောင့် ဈေးတက်တာပါ ” ဟု မြန်မာနိုင်ငှက်ပျောသီးလုပ်ငန်းရှင်အသင်းမှ ဥက္ကဌ မန်းသန်းဌေးကပြောသည်။ 

          နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ထွက်ရှိမည် ငှက်ပျောသီးများ ဇူလိုင်လတွင် ငှက်ပျောသီး ဈေးနှုန်းများ ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း  အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောသည်။ မြန်မာနိုင်ငံတွင် ငှက်ပျောစိုက်ဧက ၄ သိန်းကျော်ရှိသည့်အနက်ဒေသတွင်း စားသုံးမှုမြင့်မားသည့် ငှက်ပျော စိုက်ဧက ၂ သိန်းကျော်ရှိသည်။ ပြည်တွင်းစားသုံးသူ မြင့်မားသည့် ငှက်ပျောကို ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စိုက်ပျိုးကြသည်။ ဧရာဝတီတိုင်းဒေသကြီး ငှက်ပျောမျိုးစုံစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖီးကြမ်းကိုသာ အဓိကစိုက်ပျိုးသည်။ နေပြည်တော်တွင် ၁၂ ရာသီ ငှက်ပျောသီးထွက်ရှိပြီး မန္တလေးတိုင်းဒေသကြီးသည် ဇူလိူင်လတွင် ထွက်ရှိသည်။ 

(AMIA) 

Source: Awba 

Category: Local News