Local News

ယခုဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ မြန်မာထောပတ်သီးများ တင်ပို့မည်

Last Updated:

          ယခုဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် မြန်မာထောပတ်သီးများကို တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပြ၍ သိရသည်။

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီး တန်ချိန် ၁၀၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရကြောင်း၊ ထိုသို့ ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေးကြောင်းကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်ပို့လျက်ရှိပြီး မလေးရှားနိုင်ငံသို့လည်း တန်ချိန် ၅၀ တင်ပို့ထား ကြောင်း သိရသည်။

          ထို့ပြင် မြန်မာထောပတ်သီးနမူနာများကို ပြင်သစ်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့သို့ စမ်းသပ်တင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံနှင့် ဒူဘိုင်းမြို့က မြန်မာထောပတ်သီးများကို ဝယ်ယူမှုရှိနေသော်လည်း အရည်အသွေးဆိုင်ရာ လက်မှတ်များ ရယူရန်ရှိနေသည့်အတွက် တင်ပို့မှုခေတ္တဆိုင်းငံ့ထားကြောင်း သိရသည်။

          “မြန်မာထောပတ်သီးတွေကို ပြည်ပဈေးကွက်အသီးသီးသို့ တင်ပို့နေရာ ယခုဘဏ္ဍာနှစ်အတွင်းမှာ အိန္ဒိယနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တင်ပို့သွားဖို့ရှိပါတယ်။ ပြည်ပသစ်သီးဝလံပြပွဲတွေမှာ မြန်မာနိုင်ငံထွက် ထောပတ်သီးတွေကို မြန်မာနိုင်ငံထိ ကွင်းဆင်း ဝယ်ယူမှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံထွက်ထောပတ်သီးတွေကို အာရှကော ဥရောပ သစ်သီးဝလံကုန်သည်တွေကပါ စိတ်ဝင်စားပြီး မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ်၊ စင်ကာပူနိုင်ငံတွေနဲ့ ဒူဘိုင်းကို တင်ပို့မှုရှိခဲ့ပါတယ်” ဟု ‌ဦးကျော်စိုးမင်းက ပြောပြသည်။

          ပြည်ပသို့တင်ပို့နေသည့် မြန်မာထောပတ်သီး Hass အမျိုးအစားမှာ နှစ်စဉ် တန်ချိန် ၃၀၀ နှင့် ၅၀၀ ကြားထွက်ရှိကြောင်း၊ ထောပတ်သီးကို ရှမ်းပြည်နယ် ‌(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News