International News

ကမ္ဘောဒီးယားဆန်ကုမ္ပဏီများကို လွှဲပြောင်းရယူမည့် အင်ဒိုနီးရှား၏ အစီအစဉ် ခက်ခဲမှုရှိနိုင်

Last Updated:

ပြည်တွင်းဆန်ဖူလုံမှုကို မြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဆန်ကုမ္ပဏီများကို သိမ်းသွင်းရယူရန် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၏ စီစဉ်မှုသည် ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များနှင့် လယ်ယာမြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေများကြောင့် အတားအဆီးများနှင့် ကြုံတွေ့ရနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။

နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီဖြစ်သော ဘူးလော့အဖွဲ့ (BULOG) သည် လုပ်ငန်းများ သိမ်းသွင်းရယူမှုနှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများ၊  အချို့သော အင်ဒိုနီးရှားဘဏ်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဘူးလော့အဖွဲ့၏ ဥက္ကဋ္ဌ Dr. Bayu Krisnamurthi က ယခုအခြေအနေမှာ အစပိုင်းသာရှိသေးပြီး လုပ်ငန်းအဆင့်များအလိုက် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရဦးမည်ဖြစ်သည်ဟု The Straits Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုက နိုင်ငံ၏ အရန်ဆန် သိုလှောင်မှုမှာ စိတ်ချရသည့်အဆင့်တွင် သေချာခိုင်မာစွာ ရှိနေစေရေးအတွက် ကမ္ဘောဒီးယား ဆန်စပါး စိုက်ပျိုး ရေးလုပ်ငန်းများအား ရယူပိုင်ဆိုင်ခြင်းကို စဉ်းစားဆောင်ရွက်ရန် ဇွန်လ ၁၀ ရက်နေ့တွင် ဘူးလော့အဖွဲ့သို့ ညွှန်ကြားခဲ့ပြီးနောက် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများထံမှ ဆန်များကို ရယူတင်သွင်းခြင်းထက် ကမ္ဘောဒီးယားနိုင်ငံရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ များထံ၌ ရင်းနှီးမြှုပ်နှံခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ဟု သမ္မတဂျိုကိုဝီဒိုဒိုက ပြောဆိုထားသည်။

ကမ္ဘာ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် စတုတ္ထအကြီးမားဆုံးနှင့် ဆန်စားသုံးမှု၌ တတိယအများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ခြောက်သွေ့မှုဒဏ်ကြောင့် စပါးအထွက်ကျဆင်းမည် ဟု ခန့်မှန်းထားမှုနှင့်အတူ ဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃.၆ သန်းကျော်ကို တင်သွင်းရန် စီစဉ်ဆောင်ရွက်နေကြောင်း အစိုးရအရာရှိများက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ နှစ်စဉ် ဆန်စားသုံးမှုမှာ တန်ချိန် သန်း ၃၀ ခန့်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ  ၂၀၂၃ ခုနှစ်၌ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၁.၁ သန်း ခန့်ရှိပြီး ယခင်နှစ်ကထက် ၁.၄% ပိုမိုတိုးတက်ခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ၌ မြေဧရိယာများစွာရှိသော်လည်း စပါးစိုက်ပျိုးနိုင်သည့်ဧရိယာမှာ ဂျာဗားဒေသတွင်သာရှိပြီး မြေလွတ်မကျန်အောင် သိပ်သည်းစွာ စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။ အခြားသော အဓိကကျွန်းများဖြစ်သည့် ဆူမာတြား၊ ကာလီမန်တန်၊ ဆူလာဝေဆီနှင့် ပါပူအာတို့တွင် ရေမြေရာသီဥတု ကိုက်ညီမှုမရှိခြင်း၊ ဆည်ရေပေးဝေမှု အခြေခံအဆောက်အအုံများ လိုအပ်ချက်ရှိခြင်းတို့ကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အနည်းငယ်မျှသာရှိသည်။ ထို့အပြင် ဂျာဗားကျွန်း၌ မြို့ပြလူနေမှုတိုးချဲ့မှုနှင့်အတူ စိုက်ပျိုးမြေများအား အကျိုးအမြတ် ပိုမိုရရှိမည့် စက်မှုလုပ်ငန်းနှင့် လူနေအိမ်ရာများအဖြစ် ပြောင်းလဲဖော်ဆောင်ခြင်းကလည်း ဆန်စပါးထုတ်လုပ်မှုကို လျော့နည်းစေလျက်ရှိသည်။

ရာသီဥတုပြောင်းလဲမှုများနှင့် စိုက်ပျိုးသည့်ဧရိယာ ကျဆင်းလာမှုတို့အရ ၂၀၂၄ ခုနှစ်တွင် ဆန်ထွက်ရှိမှုမှာ နည်းပါးဖွယ်ရှိသည်ဟု အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Mr. Amran Sulaiman က ဇွန်လ ၂၀ ရက်နေ့၌ လွှတ်တော်သို့ တင်ပြခဲ့သည်။ စပါးစိုက်ဧရိယာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ဧပြီလတွင် ၃၆.၉% လျော့ကျလျက် ဟက်တာ ၆.၅၅ သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံခြားသားပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းပြည့်ဖြင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ခွင့်ပြုထားရာ ဆန်စပါးထုတ်လုပ်သည့်လုပ်ငန်းတစ်ခုအား သိမ်းသွင်းရယူခြင်းမှာ သာမန်အားဖြင့် ရိုးရှင်းဖွယ်ရှိသော်လည်း ထည့်သွင်းစဉ်းစားရမည့် အခြားသော အခြေခံအကြောင်း တရားများ ကျန်ရှိနေဆဲ ဖြစ်သည်။

ဂျကာတာမြို့အခြေစိုက် စီးပွားရေးနှင့် ဥပဒေရေးရာ လေ့လာဆန်းစစ်မှုဗဟိုဌာန (Centre of Economic and Law Studies) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Bhima Yudhistira က နိုင်ငံခြားသားပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ငြားသော်လည်း ကမ္ဘောဒီးယားကုမ္ပဏီတစ်ခုအဖြစ် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်၍ ထိုကဲ့သို့ လုပ်ငန်းသိမ်းသွင်းရယူခြင်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စပါးဖူလုံမှုကို မြှင့်တင်နိုင်မည်ဟု အာမခံချက်မပေးနိုင်ကြောင်း၊ အကယ်၍ ကမ္ဘောဒီးယားအစိုးရက ဆန်စပါးထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်ကို ဦးစားပေးရမည်ဟု ဆုံးဖြတ်ခဲ့ပါက အဆိုပါကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ခြင်းကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ဘူးလော့အဖွဲ့အနေဖြင့် ထိုကဲ့သို့သော ကန့်သတ်ချက်များကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ပြောဆိုထားသည်။

ဘူးလော့အဖွဲ့ ဥက္ကဋ္ဌ Dr. Bayu ကမူ ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများကို သိမ်းသွင်းရယူရာ၌ ကြုံတွေ့နိုင်သော ပို့ကုန်ဆိုင်ရာ ပြဿနာအခက်အခဲများနှင့်စပ်လျဉ်း၍ ၎င်းတို့အေဂျင်စီ အနေဖြင့် ကိုင်တွယ်ဆွေးနွေးမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ပြန်လည်သက်တမ်းတိုး ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံထံမှ ၁ နှစ်လျှင် ဆန်တန် ချိန် ၂၅၀၀၀၀ ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဝယ်ယူခွင့်ရရှိထားသည်။ နှစ်နိုင်ငံကြား ဆန်ကုန်သွယ်မှုကို အင်ဒိုနီးရှားမှ ဘူးလော့အဖွဲ့နှင့် ကမ္ဘောဒီးယားမှ Green Trade ကုမ္ပဏီတို့ အကြား အဆိုပါ အစိုးရချင်းသဘောတူညီမှုအရ လုပ်ကိုင်ခြင်းအပြင် အင်ဒိုနီးရှားနိုင်ငံပိုင် ID Food ကုမ္ပဏီ နှင့် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်တို့အကြား ပုဂ္ဂလိကကဏ္ဍ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် လုပ်ဆောင်လျက်ရှိသည်။

သို့သော် ကမ္ဘောဒီးယားမှ နှစ်စဉ်ဆန်တင်ပို့ခွင့်ပြုသည့် အဆိုပါပမာဏသည် အင်ဒိုနီးရှား၏ ဆန်လိုအပ်ချက်တစ်ရပ်လုံးနှင့် နှိုင်းယှဉ်ပါက နည်းပါးသော ပမာဏမျှသာဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုမှ ပိုလျှံမှုရှိသည့် ဆန်ကိုသာ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ ဆန်စားသုံးမှုမှာ အထူးသဖြင့် အာဖရိကကဲ့သို့သော ဒေသများ၌ မြင့်တက်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကွင်းဆက်တွင် မသေချာ မရေရာမှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် အိန္ဒိယကဲ့သို့သော ဆန်တင်ပို့သည့် အဓိကနိုင်ငံများသည် ပြည်တွင်းရိက္ခာဖူလုံမှု အကျပ်အတည်းများ ကြုံတွေ့လာမှုအရ ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဘရာဇီးနှင့် အာဖရိကဒေသများတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံက လယ်ယာမြေများ ရယူလုပ်ကိုင်ခြင်းကို နမူနာယူလျက် ဘူးလော့အဖွဲ့အနေဖြင့် စားနပ်ရိက္ခာဖူလုံမှုကို ကောင်းမွန်စေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၌ လယ်ယာစိုက်ပျိုးမြေများ ဝယ်ယူရရှိနိုင်ရေးကို ရှေ့ရှုဆောင်ရွက်သင့်ကြောင်း၊ စိုက်ပျိုးမြေရယူခြင်းသည် လွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၏ စပါးမှဆန်သို့ ကြိတ်ခွဲထုတ်လုပ်မှုကို အာမခံချက်ပေးလိမ့်မည်ဖြစ်ကြောင်းဖြင့် အင်ဒိုနီးရှားနိုင်ငံရေးရာ စီးပွားရေးအသင်း (Indonesian Political Economy Association) မှ စိုက်ပျိုးရေးကျွမ်းကျင်သူ Mr. Khudori က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမြေများ ဝယ်ယူလုပ်ကိုင်ခြင်းကို ဆော်ဒီအာရေးဘီးယားသည် အမေရိကန်နိုင်ငံတွင်လည်းကောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုသည် အာဖရိကဒေသ၌လည်းကောင်း ဆောင်ရွက်လျက်ရှိကြသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံ၌ စပါးစိုက်ပျိုးရန် မြေဝယ်ယူခြင်းမှာ အလုပ်ထက် အပြောက ပိုမိုလွယ်ကူမှုရှိ မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။

စီးပွားရေးရာ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော Bower Group Asia ၏ ကမ္ဘောဒီးယား အခြေစိုက်ရုံးခွဲမှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Bora Chhay က ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေယာပိုင်ဆိုင်ခွင့်ကို မိမိနိုင်ငံသား တစ်ဦးချင်း သို့မဟုတ် မိမိနိုင်ငံသား၏ တိုက်ရိုက်ပိုင်ဆိုင်မှု ၅၁% အထက်ပိုမိုပါဝင်သည့် တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်းအစုအဖွဲ့များအတွက်သာ သီးသန့်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်ပသို့ ကြည့်ရှုအဖြေရှာခြင်းထက် ပြည်တွင်း၌ စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် လက်ရှိတွေ့ကြုံနေရသည့် ဆန်စပါး၏ အရည်အသွေးကို ထိခိုက်မှုဖြစ်စေသော သိုလှောင်ရုံ မလုံလောက်မှု၊ စပါးစိုက်တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူပြုမည့် စက်ပစ္စည်းကိရိယာနှင့် နည်းပညာရပ်များတွင် ရင်းနှီးမြှုပ်နှံခြင်း ကင်းမဲ့မှုစသည့် အခက်အခဲပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း Mr. Bhima က ပြောဆိုထားသည်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Sulaiman က စပါးစိုက်ခင်းအသစ်များကို တိုးချဲ့ထူထောင်ခြင်း၊ တည်ရှိဆဲစိုက်ခင်းများ၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့် ရေပေးဝေမှုစနစ်ကို ကောင်းမွန်စေခြင်းတို့ အပါအဝင် ပြည်တွင်း စားနပ်ရိက္ခာ အရင်းအမြစ်များအား  တိုးတက်မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုနှင့်အတူ ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများကို သိမ်းသွင်းရယူမည့် အဆို ပြုချက်ကို ဖော်ဆောင်သွားသင့်ကြောင်း ဇွန်လ ၂၀ ရက်နေ့၌ ပြောကြားခဲ့သည်။

Source: The Straits Times, 27 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News