International News

အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာ အထွက်တိုးတက်သော်လည်း ပြည်တွင်းသုံးစွဲရန် လိုအပ်ချက်ရှိဆဲဖြစ်

Last Updated:

အိန္ဒိယနိုင်ငံ Kottayam မြို့တွင် ကျင်းပခဲ့သော ရော်ဘာဘုတ်အဖွဲ့၏ ၁၈၇ ကြိမ်မြောက် အစည်းအဝေး၌ အမှုဆောင်ညွှန်ကြားရေးမှူး M Vasanthagesan က အိန္ဒိယနိုင်ငံ သဘာဝရော်ဘာ ကဏ္ဍ၏ လက်ရှိအခြေအနေကို တင်ပြချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ ထုတ်လုပ်မှု တန်ချိန် ၈၇၅၀၀၀ နှင့် သုံးစွဲမှုတန်ချိန် ၁၄၂၅၀၀၀ သို့ အသီးသီး တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

အဆိုပါ အစီရင်ခံတင်ပြစာတွင် အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်၌ စုစုပေါင်းတန်ချိန် ၈၅၇၀၀၀ ရှိပြီး ယခင်ဘဏ္ဍာနှစ် ထုတ်လုပ်မှုတန်ချိန် ၈၃၉၀၀၀ အပေါ် ၂.၁% တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ပြည်တွင်း၌ သဘာဝရော်ဘာ သုံးစွဲမှုမှာ တန်ချိန် ၁၄၁၆၀၀၀ ရှိပြီး ယခင်ဘဏ္ဍာနှစ်၌ သုံးစွဲခဲ့သော တန်ချိန် ၁၃၅၀၀၀၀ နှင့် နှိုင်းယှဉ်ပါက ၄.၉% မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာ တင်သွင်းမှုမှာ ၄၉၂၆၈၂ တန်ရှိပြီးနှင့် ပြည်ပသို့ တင်ပို့မှုမှာ ၄၁၉၉ တန်ရှိသည်။ ယခင်ဘဏ္ဍာနှစ်၌ တင်သွင်းခဲ့သော သဘာဝရော်ဘာ ၅၂၈၆၇၇ တန်နှင့်နှိုင်းယှဉ်ပါက တင်သွင်းမှုကျဆင်းခဲ့သည်။  ယခုနှစ် မတ်လကုန်တွင် စိုက်ပျိုးသူများ၊ ပြုပြင်ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များ၏ လက်ဝယ်ရှိ စုစုပေါင်း ဘဏ္ဍာနှစ်ပိတ် သဘာဝရော်ဘာ ကုန်လက်ကျန်မှာ ၃၇၂၀၈၅ တန်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၃ ခုနှစ် မတ်လကုန်ရှိ နှစ်ပိတ်လက်ကျန် ၄၄၂၆၀၂ တန်ထက် လျော့နည်းမည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ဒြပ်ပေါင်းရော်ဘာ (Compounded Rubber) တင်သွင်းမှုမှာ တန်ချိန် ၁၆၉၈၂၀ တန် ဖြစ်ပြီး တင်ပို့မှုမှာ ၁၈၀၆၉ တန်ရှိသည်။

အိန္ဒိယနိုင်ငံရော်ဘာဘုတ်အဖွဲ့နှင့် မော်တော်ယာဉ်တာယာ ထုတ်လုပ်သူများအသင်း (ATMA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်း (INROAD Project) အောက်တွင် ရော်ဘာစိုက်ဧရိယာ ၆၉၃၀၇ ဟက်တာကို စိုက်ပျိုးထားပြီးဖြစ်ကြောင်းနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာကဏ္ဍ ဖော်ဆောင်ရန် ကတိကဝတ်ပြုထားခြင်းကို သက်သေပြ လုပ်ဆောင်မှုအဖြစ် ATMA အသင်းသည် အိန္ဒိယအရှေ့မြောက်ဒေသ၌ ၅ နှစ်အတွင်း ရော်ဘာ ဧရိယာ ဟက်တာ ၂ သိန်း စိုက်ပျိုးနိုင်ရေး ရူပီးငွေ ကုဋေ ၁၀၀၀ ကို ထည့်ဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: The Hindu Business Line, 21 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News