International News

ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု ၄.၁% ခန့် တိုးတက်မည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန ခန့်မှန်း

Last Updated:

ကမ္ဘာ့နိုင်ငံအများစုတွင် ကော်ဖီသီးနှံအသစ် စတင်ထွက်ပေါ်သည့် အောက်တိုဘာလ၌ ကော်ဖီထုတ်လုပ်မှုသည် အိတ် ၇ သန်း (ရာခိုင်နှုန်းအားဖြင့် ၄.၁ %) ခန့် ထုတ်လုပ်မှုတိုးတက်လာ မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ၆ လပတ်အစီရင်ခံစာ၌ ဖော်ပြချက်ကို ကိုးကားလျက် Hellenic Shipping News သတင်းဌာနက ၂၂-၆-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

ကမ္ဘာ့ထိပ်တန်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးနိုင်ငံ၏ အထွက်ပမာဏမြင့်မားမှု နှင့် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ယခင်နှစ်၌ ကော်ဖီထုတ်လုပ်မှုထိခိုက်ခဲ့သည့် ရိုဘတ်စတာကော်ဖီ စိုက်ပျိုးထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံတွင် ထွက်ရှိမှု ပြန်လည်ကောင်းမွန်လာခြင်းတို့အရ ယခင်နှစ်၌ ကော်ဖီစေ့ ၆၀ ကီလိုဂရမ်ဝင် အိတ်ရေ ၁၆၉.၁၈ သန်းသာ ထုတ်လုပ် နိုင်ခဲ့ရာမှ ယခုနှစ်တွင် စုစုပေါင်းအိတ်ရေ ၁၇၆.၂၃ သန်းအထိ တိုးမြင့်ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ အစီအရင်ခံတွင် ဖော်ပြထားသည်။

ကော်ဖီ စားသုံးမှုအနေဖြင့် ယခင်နှစ်ထက် အိတ်ရေ စုစုပေါင်း ၃.၁ သန်းပိုမိုလျက် အိတ်ရေ ၁၇၀.၆ သန်းအထိ  ရှိနိုင်သည်ဟု မျှော်မှန်းထားကြောင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံ များမှ ထုတ်လုပ်မှုမရှိသောနိုင်ငံများသို့ တင်ပို့မှုအနေဖြင့် အိတ်ပေါင်း ၃.၆ သန်း ပိုမိုလျက် ၁၂၃.၁ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ကမ္ဘာပေါ်ရှိ ကော်ဖီအဓိကထုတ်လုပ်သည့်ဒေသမှာ အပူပိုင်းဒေသတွင်တည်ရှိသော နိုင်ငံများဖြစ်ပြီး စားသုံးမှုများသည့်နိုင်ငံများမှာ မြောက်ကမ္ဘာခြမ်းတွင်ရှိသော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဘရာဇီးနိုင်ငံ၏ ကော်ဖီစေ့ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် အိတ်ရေ ၃.၆ သန်း ပိုမိုလာ နိုင်သကဲ့သို့ အင်ဒိုနီးရှားနိုင်ငံ၏ အထွက်ပမာဏသည်လည်း အိတ်ရေ ၂.၈ သန်းခန့် ပိုမိုလာမည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့ဒုတိယအများဆုံး ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်မှုမှာ အခြေခံအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တိုးတက်ပြောင်းလဲမှုများနှင့်အတူ ကမ္ဘာ့ကော်ဖီ နှစ်ကုန်လက်ကျန်ပမာဏသည် ၂၀၂၃-၂၄ ခုနှစ်၌ အိတ်ရေ ၂၃.၉၃ သန်းဖြင့် ၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းခဲ့ရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် အိတ်ရေ ၂၅.၇၈ သန်းထိ ကျန်ရှိ နိုင်မည်ဟု အမေရိကန်စိုက်ပျိုးရေးဌာနက ခန့်မှန်းတွက်ချက်ထားကြောင်း သတင်းရရှိပါသည်။

Source: Hellenic Shipping News, 22 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News