International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးမှုများကြောင့် စပါးအထွက်လျော့ကျနိုင်

Last Updated:

ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မှုနှင့်အတူ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခြင်းက အနည်းဆုံး ခရိုင် ၁၂ ခု၌ စိုက်ပျိုးထားရှိသော မိုးကြိုစပါးများ၊ မိုးစပါးများ၊ မိုးစပါးပျိုးခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြီးမားစွာ ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း The Business Standard သတင်းဌာနက ဖော်ပြပါသည်။

ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ခရိုင်များစွာတွင် မကြာသေးမီက ရေကြီးမှုများကြောင့် စပါးထွက်ရှိမှုမှာ တန်ချိန် ၈ ဒသမ ၅ သိန်းခန့် လျော့နည်းနိုင် ကြောင်း သိရှိရသည်။ ပြင်းထန်သော ရေလွှမ်းမိုးမှုများကြောင့် စိုက်ပျိုးမြေများ၌ သိသာစွာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိရာ မိုးကြိုစပါးနှင့် မိုးစပါး အထွက်ကျဆင်းမည့် အလားအလာရှိမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ခရိုင် ၁၂ ခုတွင် ရေကြီးမှုကြောင့် သီးနှံများအကြီးအကျယ် ထိခိုက်ပျက်စီးမှုရှိပြီး အခြားသော ခရိုင် ၁၅ ခု၌လည်း သီးနှံများ အသေးစားထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

ရေလွှမ်းမိုးမှုဖြစ်ပေါ်ရာတွင် မိုးကြိုစပါးများနှင့် လက်ရှိမုတ်သုံရာသီ၌ စိုက်ပျိုးဆဲ မိုးစပါးများ စိုက်ပျိုးထားရှိသော စပါးစိုက်ဧရိယာ ၂၉၁၀၃၃ ဟက်တာ ပါဝင်လျက်ရှိသည်။ ယခင်နှစ် သီးနှံ ရာသီ၌ တစ်နိုင်ငံလုံး ပျမ်းမျှထွက်ရှိမှုအပေါ် အခြေခံတွက်ချက်မှုအရ အဆိုပါ လယ်မြေဧရိယာ ပမာဏမှ စပါးထွက်ရှိမှုမှာ အနည်းဆုံး ၈၄၁၂၃၄ တန်ရှိခဲ့သည်။

ခရိုင် ၁၂ ခုတွင် ရေလွှမ်းမိုးမှုကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် စိုက်ပျိုးထားသော စပါးခင်းများအားလုံးမှာ ပျက်စီးဆုံးရှုံးနိုင်သည်ဟု စိုက်ပျိုးရေးပညာပေးဦးစီးဌာနက ဖော်ပြထား သည်။ ထို့အပြင် မိုးစပါးပျိုးခင်းပေါင်း ၁၉၆၈၀ ဟက်တာသည်လည်း လုံးဝဥဿုံ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ စပါး၊ ဟင်းသီးဟင်းရွက်၊ ချင်း၊ နနွင်း၊ ငရုတ်၊ သစ်သီးဝလံ၊ ဖရဲသီး၊ သင်္ဘောသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ ကွမ်းသီးနှင့် ကြံတို့ အပါအဝင် စိုက်ပျိုးမြေဧရိယာ ၃၃၉၃၈၂ ဟက်တာ သည် ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရခြင်းဖြစ်သည်။ စပါးစိုက်ခင်းများ၏နောက်၌ ထိခိုက်ပျက်စီးမှု အများ ဆုံးမှာ ဟင်းသီးဟင်းရွက်များဖြစ်ပြီး ၎င်းစိုက်ခင်းများသည် ဆည်တင်၍မရနိုင်အောင် ပျက်စီးခဲ့ ကြောင်း အဆိုပါဌာနက ဖော်ပြခဲ့သည်။

စိုက်ပျိုးရေးပညာပေးဦးစီးဌာနအနေဖြင့် ငွေကြေးတန်ဖိုးအရ သီးနှံစိုက်ခင်းများ ဆုံးရှုံးမှုမည်မျှရှိသည်ကို တွက်ချက်ရန် ကျန်ရှိနေသည်။ သို့သော် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း ဝန်ကြီးဌာနကမူ ငါးမွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူ‌ရေး ကဏ္ဍ၌ ပြန်လည်ပြုပြင်၍ မရနိုင်သော ပျက်စီးဆုံးရှုံးမှုမှာ တာကာငွေ ကုဋေ ၂၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ 

ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Farida Akhtar က Chattogram, Sylhet နှင့် Khulna ဒေသ ကြီး ၃ ခုရှိ စီရင်စုနယ်မြေ ၈၆ ခုတွင် ဖြစ်ပေါ်လျက်ရှိသော ရေလွှမ်းမိုးမှုများကြောင့် ငါးလုပ်ငန်း ကဏ္ဍတစ်ခုတည်းကပင် တာကာငွေ ၁၅၉၀ ဒသမ ၃၆ ကုဋေ ဆုံးရှုံးမှုရှိကြောင်း၊  ရေလွှမ်းမိုးမှု သည် ငါးမွေးကန်ပေါင်း ၁၈၀၈၉၉ ကန်၊ ဆည်တာတမံများနှင့် လယ်ယာမြေများအပေါ် ထိခိုက်မှု ဖြစ်ပေါ်ပြီး ငါးနှင့် ပုစွန်တန်ချိန် ၉၀၇၆၈ တန် ဆုံးရှုံးခဲ့ရကြောင်း၊ ပုစွန်နှင့်ငါးသားပေါက် ကောင်ရေ ၃၇၄၆ သိန်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ခရိုင် ၁၂ ခု၌ ရေလွှမ်းမိုးခြင်းသည် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုကိုလည်း ဖြစ်ပေါ်စေခဲ့ပြီး နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ နွားမွေးမြူရေးနှင့် ကြက်မွေးမြူရေးတို့တွင် ဆုံးရှုံးမှုတန်ဖိုးမှာ တာကာငွေ ၄၁၁ ကုဋေရှိကြောင်း သိရှိရသည်။ မွေးမြူရေး ကဏ္ဍ၌ ထိခိုက်မှုများကို ပြန်လည်ကုစားရန်အတွက် အဆင့်သုံးရပ်ဖြင့် ဆောင်ရွက်သွားမည်ဟု အစိုးရက ပြောကြားထားပြီး တိရစ္ဆာန်အစာများ ထောက်ပံ့ဖြန့်ဖြူးခြင်း၊ ကြက်မွေးမြူရေးခြံများ၌ ကာကွယ်ဆေးထိုးခြင်း၊ နွားမွေးမြူရေးအတွက် မြက်များဖြန့်ဝေခြင်းတို့ကို အရေးပေါ်ထောက်ပံ့မှုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ထိခိုက်မှုကြုံတွေ့ခဲ့ရသော ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးရေး အစီအမံများကို ချမှတ်ထားကြောင်း သိရှိရသည်။

ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ခရိုင် ၁၁ ခုတွင် အိမ်ထောင်စုပေါင်း ၁၂၃၈၀၄၈ စု၊ လူဦးရေ ၅၇ ဒသမ ၀၁ သိန်းကျော်သည် ရေဘေးဒုက္ခကို ကြုံတွေ့နေရကြောင်း၊ ရေကြီးမှုကြောင့် လူ ၂၃ ဦးသည် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Source: The Business Standard, 27 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News