Local News

ရုရှားနိုင်ငံက မြန်မာ့ကော်ဖီများကိုဝယ်ယူရန် စီစဉ်ဆောင်ရွက်နေ

Last Updated:

ရုရှားနိုင်ငံက မြန်မာ့ကော်ဖီများကိုဝယ်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ သတင်းများအရ သိရသည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်‌ရေးမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ပို့ကုန်အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၀၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅၇ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၅၈ သန်းဖိုးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ဧပြီလမှ ဩဂုတ်လကုန်ထိ ငါးလတာကာလအတွင်းတွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉၈၈ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၉၁ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈၇၉ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့်ပဲတီစိမ်း စသည့်လယ်ယာထွက်ကုန်များကို တိုးမြှင့်ဝယ်ယူနေကြောင်း၊ လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကော်ဖီများကိုလည်းဝယ်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီများကို အမြဲတမ်းကော်ဖီ အမျိုးအစားအဖြစ်မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံမှ ကော်ဖီများကိုဝယ်ယူရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ကော်ဖီများကိုဝယ်ယူရန်အတွက် လက်ရှိတွင် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reslictnikov က နိုင်ငံအတွင်းရှိ လတ်လီဆိုင်များ၌ မိတ်ဆက်ပြသထားသည့်အပြင် ဝယ်ယူရန်အတွက်လည်း ကမ်းလှမ်းဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ကြောင့် လာမည့်ကော်ဖီရာသီတွင် တင်ပို့ရောင်းချပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေပြီး မြန်မာ့ကော်ဖီများသည် နိုင်ငံတကာ ဈေးကွက်များတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀၀ မှ ၈၃၀၀ ထိ ဈေးနှုန်းရရှိကြောင်း၊ မြန်မာနိုင်ငံမှ နှစ်စဉ်ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ထိထွက်ရှိနေသော်လည်း ပြည်ပသို့ ကုန်ကြမ်းအဖြစ်သာ တင်ပို့ရောင်းချပေးနေရကြောင်း၊ ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများက မြန်မာ့ကော်ဖီများကို ဝယ်ယူကာ ကုန်ချောအဖြစ် အဆင့်မြှင့်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News