Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်နီ ၁၀ ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ ၁၀ ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း မအူပင်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းမွှေးက ပြောပြသည်။

မအူပင်မြို့ဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်မှ ဒုတိယပတ်ထိ ရှမ်းပြည်နယ်မှ ထွက်ရှိသည့်ကြက်သွန်နီ ၁၀ ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ သာ ဈေးရှိခဲ့ကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ တဖြည်းဖြည်းဈေးကောင်းလာပြီး အောက်တိုဘာလ ၁ ရက်ထိ ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်နီ ၁၀ ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိဈေးကောင်းရရှိနေကြောင်း သိရသည်။

“မအူပင်ဈေးကွက်ထဲကို ရှမ်းပြည်နယ်ဘက်ကနေထွက်တဲ့ ကြက်သွန်နီတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ လက်ရှိ ကြက်သွန်နီတစ်ပိဿာကိုငွေကျပ် ၁၀၀၀ ထိ ဈေးကောင်းရရှိလာပါတယ်။ ဈေးအတက်အကျရှိပေမဲ့ ပုံမှန်အ‌ရောင်းအဝယ်ဖြစ်နေပါတယ်။ မအူပင်ပွဲရုံတွေဆီကို ရှမ်းပြည်နယ်ကနေ ပုံမှန်အဝင်လဲရှိနေပါတယ်။ ကြက်သွန်နီက ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်ကောင်းနေတာပါ” ဟု မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းမွှေးက ပြောပြသည်။

မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်နီပွဲရုံများသို့ တစ်ရက်လျှင်ကြက်သွန်နီပိဿာချိန် ၅၀၀ မှ ၅၀၀၀ ထိဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါကြက်သွန်နီများကို အခြားဒေသများသို့ ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်နီများ ဈေးကောင်းရရှိလာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ လုပ်သားများ၊ ပွဲရုံပိုင်ရှင်များအဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News