Local News

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (ONLINE SALES) လုပ်ငန်း မှတ်ပုံတင်နိုင်ရေး အသိပညာပေးအစီအစဉ်နှင့် ECOMREG SYSTEM စနစ်ဖွင့်လှစ်ခြင်း အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

Last Updated:

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေး အခမ်းအနား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဇေယျာလွင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော စိတ်ပါဝင်စားသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားသို့ စိတ်ပါဝင်စား သူ ၁၂၀၀ ဦးခန့် တက်ရောက်လေ့လာကြကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News