Local News

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးနှင့် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်အ‌ခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်မည်ဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်၌ အရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းပါက ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း၊ ယခင်နှစ်သီဟိုဠ်ကုန်ကြမ်း ၁ပိဿာလျှင် ကျပ်၄၂၀၀၀ဈေးနှုန်းရှိပြီး ယခုနှစ်တွင် သီဟိုဠ် ၁ပိဿာလျှင် ကျပ် (၄၈၀၀/၅၀၀၀) ဈေးနှုန်းရရှိသည့်အတွက် ယခင်နှစ်ထက် ၁ ပိဿာလျှင် ကျပ် (၆၀၀/၈၀၀) ဈေးနှုန်းပိုမိုရရှိပြီး သီဟိုဠ်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း ပုသိမ်မြို့၊ သရဖူသီဟိုဠ်အဝယ်ဒိုင်မှသိရသည်၊၊

တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပဈေးကွက်ဝင် နှစ်ရှည်သီးနှံသီဟိုဠ်စိုက်ဧက (၆၅၉၃၃) ဧကရှိပြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် အများဆုံးစိုက်ပျိုးလျက် လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်း၊ သီဟိုဠ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး ၎င်းမှာ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ပိုင်းဒေသများတွင်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်၊၊

ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်ထွက် သီဟိုဠ်သီဟိုစေ့မှာ အစေ့ကြီး၍ ရေကြည်မြို့နယ်ထွက် သီဟိုဠ်မှာ အလယ်အလတ်ရှိပြီး မြောင်းမြမြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့သေးသော်လည်း အထွက်နှုန်းပို၍ကောင်းမွန်ကြောင်း၊ ၎င်းမှာ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ရသည်အထိ (၅)နှစ်ကြာပြီး အပင်သက်တမ်း နှစ်(၆၀)ရှိသဖြင့် ရေရှည်အကျိုးအမြတ်ရရှိသည့် နှစ်ရှည်သီးနှံအမျိုးအစားဖြစ်၍ သီဟိုဠ်ခူးဆွတ်ခြင်းကို ဖေဖော်ဝါရီလမှစတင်ခူးဆွတ်၍ မေလမိုးမရွာခင်အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မိုးထိလျှင် သီဟိုဠ်စေ့မှာ မူလအရောင်ပျက်ကာ မဲသွားပြီး ဈေးကွက်တွင်လည်း အရောင်းအဝယ်မဖြစ်တော့ကြောင်းသိရသည်။

သီဟိုဠ်ပေါ်ချိန်၌ ပုသိမ်မြို့တွင် အဝယ်ဒိုင် (၅)ဒိုင်၊ သာပေါင်းမြို့ပေါ်တွင် (၃)ဒိုင်ခန့်၊ မြောင်းမြမြို့ပေါ် တွင် အဝယ်ဒိုင် (၂)ဒိုင်နှင့် ရေကြည်မြို့ပေါ်တွင် အဝယ်ဒိုင် (၂)ဒိုင်ဖြင့် ဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိသော သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန်မြို့သို့အဓိကတင်ပို့၍ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင် သီဟိုဠ်စေ့ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် Export ဈေးကွက်အဖြစ် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ သီဟိုဠ်စေ့ကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ချောကလက်၊ ရေခဲမုန့်၊ ထိုးမုန့်၊ ကိတ်မုန့်အမျိုးမျိုး၊ မုန့်မျိုးစုံ၊ ယိုစုံ၊ ဒံပေါက်နှင့် ဟိုတယ်စာအဖြစ် မုန့်အမျိုးမျိုးတို့တွင် ပါဝင်အသုံးပြုလျက်ရှိပြီး သီဟိုဠ်စေ့တွင် Vitamine-E ပါဝင်သဖြင့် ပြည်ပနိုင်ငံများတွင် ဆံပင်၊ အသားအရေလှပသည့် မိတ်ကပ်အကူပစ္စည်း ခေါင်းလိမ်းဆီထုတ်လုပ်ရာနှင့် အိန္ဒိယနိုင်ငံတွင် သီဟိုဠ်စေ့အခွံကို သင်္ဘောဆေးလုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ သီဟိုဠ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ပုသိမ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပါမောက္ခ ဒေါက်တာဇင်မေဦး၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းအဆင့်အကြီးအကဲများ၊ အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဧရာဝတီကုန်သည်စက်မှုအသင်းအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ ဧရာဝတီတိုင်းဒေသတွင်းထုတ်ကုန်များသုတေသနနှင့် ဈေးကွက်သုတေသနကော်တီဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် တိုင်းအတွင်းရှိ မြို့နယ်သီဟိုဠ်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သော တောင်သူလုပ်ငန်းရှင်များ၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြပါသည်၊၊

အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသော တိုင်းအဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး၍ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သူများ၏ တင်ပြလာသော ဈေးကွက်အခြေအနေ၊ နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်လိုအပ်ချက်ကုန်စည်စီးဆင်းမှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာများအနေဖြင့် ပြန်လည်ဆွေးနွေးခဲ့ရာတွင်  ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ပျိုးသော ဧကများစွာရှိပြီး ဆက်စပ်နေရာများတွင် စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများရှိနေခြင်း၊ နေရာမရွေးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းသင့်တင့်ကောင်းမွန်၍ ပြည်တွင်း/ ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့်အတွက် ကုန်ကြမ်းအဆင့်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးမြင့်ထုတ်လုပ်၍ ပုဂ္ဂလိကကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုမှ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရန်အတွက် တိုင်းသီဟိုဠ်အသင်းကို သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းနိုင်ရေး ဧရာဝတီကုန်သည်များနှင့် စက်မှုအသင်းဌာနဆိုင်ရာများသာမက နောက်ပိုင်းတွင် UMFCCI အသင်းကြီးနှင့်လည်းချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် One Village One Product ကဲ့သို့ ပို့ကုန်အမယ်သစ်အဖြစ် ပြည်ပဈေးကွက်ပိုမိုဖောက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်၊၊

Source: https://www.doca.gov.mm

Category: Local News