Local News

ရှမ်းတောင်ဒေသမှ ခရမ်းချဉ်သီးများ အဝင်များပြီး စျေးကောင်းမရ

Last Updated:

          မိုးတွင်းကာလ ရှမ်းပြည်တောင်ပိုင်းမှ ခရမ်းချဉ်သီးများ အဝင်များပြီး စျေးကောင်းမရကြောင်း တောင်ကြီးမြို့နှင့် အောင်ပန်းမြို့ အခြေစိုက်သီးနှံကုန်စည်ဒိုင်များမှသိရသည်။ “မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်က စျေးကျတယ်။ နည်းနည်းမဟုတ်ဘူး၊ တော်တော်ကျတယ်။  မနှစ်က ဒီအချိန်ဆိုရင် တစ်ပိဿာ ၁၃၀၀နှုန်းလောက်ရှိတယ်”ဟု  AMKK တောင်ကြီးမြို ကုန်စိမ်းရောင်း၀ယ်ရေးပွဲရုံမှ နန်းအေးမြကိုကို ကပြောသည်။   

          ပြီးခဲ့သည့် နှစ်က ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးပေါက်စျေးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ကနေ ၁၅၀၀ ကြားပေါက် စျေးရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ပိဿာ ၈၀၀ ကျပ်မှ ၉၀၀ကျပ်သာစျေးရရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရှိရသည်။ “အရောင်းအ၀ယ်အခြေအနေကတော့ မငြိမ်ပါဘူး။ အောင်ပန်းစျေးကွက်မှာလည်း  ၈၀၀၊ ၉၀၀ ပေါက်တယ်။  တစ်နှစ်နဲ့တစ်နှစ်တော့ စျေးကမတူဘူးပေါ့။ အရောင်းအ၀ယ်အခြေအနေကတော့ မဆိုးပါဘူး။ သူ့ဟာနဲ့သူရောင်းရတယ်။ အောင်ပန်းမှာတော့ အင်းသီးတို့  အဝိုင်းသီးတို့  အကုန်တင်ရတယ်။ အောက်ပြည်ကတော့ ဗမာသီးကြိုက်တာပေါ့ မတူဘူး။ ရန်ကုန်၊ မိထ္ထီလာဖက်ကိုလည်း တင်တယ်။ လောလောဆယ်တော့  အဝိုင်းသီး အစိမ်းကို လူကြိုက်များတယ်။ သူက အထားလည်းခံတယ်။ ရန်ကုန်၊ လားရှိုး၊ မူဆယ် အကုန်ပို့တယ်။ အရောင်းအ၀ယ်အခြေအနေကပုံမှန်ပဲ။ စျေးကတော့ ဒီနှစ်ကျတယ်”ဟု အမေ့သား ရှမ်းကုန်စိမ်းနှင့်သီးနှံမျိုးစုံ ရောင်း၀ယ်ရေး အောင်ပန်းမြိုမှ ကိုထွန်းအောင်ကိုကပြောသည်။ 

            ရန်ကုန်သီရိမင်္ဂလာဈေးကွက်သို့ ရှမ်းတောင်အပြင်နယ်စုံမှ  ခရမ်းချဉ်သီး ပိဿာချိန် ၇၅၀၀၀ ကျော်နေ့စဉ်အဝင်ရှိကြောင်း သိရသည်။ နေ့စဉ်ဈေးကွက်ထဲ အဝင်ပေါ်မူတည်ကာ  ဈေးကပြောင်းလဲနေခြင်းဖြစ်ပြီး မကြာခင် မိုးတွင်း ကာလရောက်တော့ မည်ဖြစ်သည့်အတွက် ပုံမှန်ထက်ဈေးကွက်ထဲ အဝင်ရှိကာ ဈေးပိုကျဆင်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ မန္တလေးကုန်စည်ဒိုင်များသို့ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ရွှေကူ၊ရှမ်းပြည်နယ်တို့မှ ရာသီအလိုက် ၀င်ရောက်လျက်ရှိပြီး ယခုကာလတွင် ရှမ်းပြည်တောင်ပိုင်း ဒေသများမှအများဆုံး ၀င်ရောက်လျက်ရှိ ကြောင်းသိရသည်။ 

           ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြိုကြီးများသို တင်ပို့လျက်ရှိပြီး ပိဿာချိန်နှင့် ရောင်းချခြင်းများရှိသလို ခြင်းပြတ်ရောင်းချခြင်းများလည်း ရှိကြောင်းသိရသည်။ လက်ရှိ ကာလပေါက်စျေးအရ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၈၀၀ကျပ်၊ ၉၀၀ကျပ်သာ ပေါက်စျေးရှိပြီး ၁၃ ပိဿာ၊ ၁၄ ပိဿာအပါ ခြင်းပြတ်စျေးနှုန်းမှာ ငွေကျပ် ၁၁၅၀၀ခန့် ပေါက်စျေးရှိကြောင်းသိရသည်။ 

          “စျေးကောင်းမရတဲ့ အကြောင်းကတော့ သိပ်ပြီးတော့ အထွေအထူးတော့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးက ဒီနှစ်စျေးကောင်းမရတာက ရာသီစောတာရယ်၊ အသီးလှိုင်တာရယ်ကြောင့်ပါ။ ခရမ်းချဉ်သီးက ဒေသမျိုးစုံက ထွက်နေတာဆိုတော့ တစ်ချို့ဒေသတွေကစောထွက်တယ်။ အခုက အသီးကလှိုင်နေတဲ့သဘောပေါ့။ အသီးရှားရင်တော့ စျေးကောင်းမှာပါ။ အခုက အသီးကလှိုင်နေတော့ စျေးမကောင်းဘူးပေါ့” သီးနှံမျိုးစုံ၀ယ် ရောင်း လုပ်ကိုင်သူ ဦးမျိုးလှိုင်၀င်းကသုံးသပ်ပြောဆိုသည်။ 

       ခရမ်းချဉ်သီးထွက်ရှိသည့် ရာသီကာလမှာ နေရာဒေသတစ်ခုနှင့်တစ်ခု တူညီခြင်းမရှိသော်လည်း အထွက်နှုန်းကောင်း၍ စျေးကောင်းရနိုင်သည့် ကာလများမှာ နွေရာသီလလယ်မှ ဆောင်းရာသီအကုန်အထိ ဖြစ်ကြောင်း ခရမ်းချဉ်သီး စိုက်ပျိုး တောင်သူများထံမှသိရသည်။ ခရမ်းချဉ်သီးကို ရှမ်းပြည်တောင်ပိုင်းရှိ အင်လေး၊ တောင်ကြီး၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မ ကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ထွက်ရှိပြီး နေ့စဉ် ကုန်စိမ်းဈေးကွက်သို့ ဖြန့်းဖြူး ပေးနေကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ခရမ်းချဉ်သီးများ လျော့ကျစိုက်ပျိုးခဲ့ခြင်းကြောင့် တစ်ပိဿာကို ၂၅၀၀ ထိဈေးရရှိခဲ့ကာ စံချိန်တင်ဈေးမြင့်တက်ခဲ့သည်။ 

 Source: Awba

Category: Local News