Local News

နယ်စပ်လမ်းကြောင်းမှ ဆန်တန်ချိန် ၃၀၀၀ ကျော်သာ ပြည်ပတင်ပို့မှုရှိနေ

Last Updated:

          လယ်ယာထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် ဆန်စပါးကို နယ်စပ်လမ်းကြောင်းမှတင်ပို့ရာ လက်ရှိတွင် တန်ချိန် ၃၀၀၀ ကျော်သာပြည်ပတင်ပို့မှုရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးထွန်းက ပြောသည်။ “၆၅-၃၅ စနစ်ကြောင့် နယ်စပ်ကနေ ဆန်တင်ပို့မှုကတော့ လျော့ကျသွားတာပေါ့။ အရင်က သုံးသောင်းကျော်လောက်သွားရာကနေ အခုဆို ၃ ထောင်ကျော်လောက်ပဲ သွားနိုင်တော့တယ်။ နယ်စပ်ဆန်တင်ပို့မှုက လျော့ကျသွားတာပေါ့”ဟု ၎င်းကဆိုသည်။

          နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှရရှိသည့် နိုင်ငံခြားသုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြီးခဲ့သည့် မတ်လ ၁ ရက်မှစတင်၍ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ယင်းညွှန်ကြားချက်ထုတ်ပြန်ပြီး ဧပြီလမှစ၍ ကုန်သည်များအနေဖြင့် နယ်စပ်မှတစ်ဆင့်ဆန်တင်ပို့မှု ရပ်နားထားမှုများရှိကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

        “နယ်စပ်ကနေ ဆန်/ဆန်ကွဲကလွဲရင် ကျန်တဲ့ကုန်စည်တွေက ပုံမှန်အတိုင်းတင်ပို့မှုရှိတယ်။ တရုတ်ဘက်ကလည်း ပုံမှန်အတိုင်း မြန်မာနိုင်ငံထဲကို သွင်းကုန်ပစ္စည်းတွေရောက်ပါတယ်။ ဆန်တင်ပို့မှုကတော့ ကုန်သည်တွေအချို့ကတော့ သွားပါတယ်။ ရပ်ထားတဲ့သူများတာပေါ့”ဟု မူဆယ်ဆန်ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးမင်းသိမ်း ကပြောသည်။ ယခင်က နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်က သတ်မှတ်ထားသည့်နှုန်းထားဖြင့် မြန်မာကျပ်ငွေလဲလှယ်ခြင်းမပြုစေဘဲ ပို့ကုန်တင်ပို့သူအား ရာနှုန်းပြည့်ထုတ်ယူအသုံးပြုခွင့် ပေးထားရာမှ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်ပြီး ကုန်စည်အလိုက် မျှတမှုရှိစေရေးနှင့် ပြည်ပသို့တင်ပို့သည့် အဓိကပို့ကုန်ပစ္စည်းများအပေါ် တစ်ပြေးညီကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

Source: Popular News Journal 

Category: Local News