Local News

ဆန်စပါးဈေးကွက်

Last Updated:

          ရန်ကုန်ဈေးကွက်မှာ ဆန်အများစု ဈေးငြိမ်နေပေမယ့် ဧရာဝတိုင်းဈေးကွက်မှာတော့ စပါးဈေးတွေက ဆက်တိုက်မြင့်တက်ကြောင်း ဆန်ဈေးကွက်ကနေ သိရသည်။ ဈေးတင်ရောင်းချရန် သိုလှောင်မှုတွေကြောင့် ဆန်ဈေးတွေ မြင့်တက်နေတာဖြစ်သည်ဟု ဆန်ကုန်သည်တွေက ဆိုသည်။ လက်ရှိမှာတော့ ဈေးကွက်ထဲကို ဆန်အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့ မိုးတွင်းကာလ အနည်းငယ်အရောင်းအဝယ်အေးသွားသည်ဟု သိရသည်။ “ဆန်ဈေးတွေကတော့ တစ်နေ့ထက်တစ်နေ့ ဈေးကမြင့်တက်နေတာပဲ။ ဒီနှစ်ကတော့ ဈေးကောင်းရပါ တယ်။ ဒါပေမယ့် ပြန်ပြီးကုန်ရတာတွေများတော့ သိပ်တော့အမြတ်အများကြီးတော့ မရဘူးပေါ့”ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောသည်။ 

          ရန်ကုန်ဈေးကွက်မှာ ဆန်ချောအများစု က ဈေးငြိမ်နေခဲ့ပြီး ရက် ၉၀ ဆန်က တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိကာ တစ်အိတ်ကို ၂၀၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၆၁၅၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါသည်။ ဧရာဝတီတိုင်းဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၁၂၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၃၀၀၀ ကျပ်ဈေးတက်လာသည်။ ပေါ်ဆန်းဆန်ကတေ့ တစ်အိတ်ကို ၈၉၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာသည်။ အခြား မြောင်းမြ၊ ဒေးဒရဲ၊ဖျာပုံ၊ မအူပင်တို့ကလည်း ပထမတန်းစား စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၂၀၀၀၀ ကနေ အမြင့်ဆုံး ၄၀၀၀၀ ကြားထိဈေးမြင့်တက်လာပြီး တင်း ၁၀၀ ကို ၁၇၇၀၀၀ ကနေ သိန်း ၂၀ ကျော်ထိပေါက်ဈေးရှိနေသည်။ 

       ဒုတိယတန်းစားစပါးဖြစ်တဲ့ ဧည့်မထစပါးတွေကလည်း ဈေးကွက်ထဲကို အသစ်တွေ ဝင်နေပြီး တင်း ၁၀၀ ကို ၁၅ သိန်းကနေ ၁၇ သိန်းထိ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တင်း ၁၀၀ ကို အနိမ့်ဆုံး ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြားဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံဆန်စပါးအသင်းက ဆန်ကုန်သည်များနှင့် ဆန်အရောင်းဆိုင်များက ဆန်စပါး တင်း ၅၀၀၀ ထက်ပိုမိုလှောင်ပါက သိုလှောင်ရုံမှတ်ပုံတင်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ 

ပဲဈေးကွက် 

          ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်မှာတော့ ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတို့က အမြင့်ဆုံးဈေး ရောက်ရှိနေပြီး ပြည်တွင်းပဲတွေကတော့ အတက်ဈေးနဲ့အနည်းငယ်ဈေးငြိမ်သွားကြောင်း ကုန်သည်တွေထံနေသိရသည်။ ပြည်တွင်း ငွေလဲလှယ်နှုန်းမြင့်တက်လာသလို အိန္ဒိယမှာလည်း မြန်မာ့ပဲဈေးတွေ မြင့်တက်လာတဲ့အတွက် အဓိကပို့ကုန်ဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတို့က မြင့်တက်လာတာဖြစ်တယ်လို့ သိရပါသည်။ 

          “ပဲတွေက အရမ်းရှားနေပြီ၊ လုံးဝဈေးကွက်ထဲမှာကို မရှိတော့ဘူး၊ ဝယ်ချင်ရင် မရတော့ဘူး၊ အိန္ဒိယနိုင်ငံဘက်ရဲ့ လိုအပ်ချက်ကလည်း အရမ်းများနေတော့ ဈေးတွေက တက်နေတာပေါ့”ဟု ပဲစင်းငုံတင်ပို့ရောင်းချနေသူ ကုန်သည်တစ်ဦး ဆိုသည်။ မတ်ပဲကတော့ ဒီတစ်ပတ် တစ်တန်ကို ၂၃၂၃၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းနီးပါးဈေးမြင့်တက်လာသည်။ FOB ဈေးနှုန်းကလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၉၇၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ မြင့်တက်လာသည်။ 

      ပဲစင်းငုံနီကတော့ တစ်တန်ကို ၂၉၈၅၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့် အပတ်နဲ့နှိုင်းယှဉ်ပါက တစ်တန်ကို၃ သိန်းနီးပါးဈေးမြင့်တက်လာခဲ့သည်။ FOB ပေါက်ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၂၀ ကနေ ၁၁၄၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၆၀ ခန့် ဈေးမြင့်တက်လာသည်။ ပဲစင်းငုံနီကတော့လက်ရှိမှာ တစ်တန်ကို သိန်း ၃၀ ကျော်ထိ ဈေးမြင့်တက်နိုင်ခြေရှိသည်ဟု ပဲကုန်သည်အများစုက သုံးသပ်ထားပါသည်။ 

         ပြည်တွင်း စားသုံးမှုများတဲ့ ပဲကြီးကလည်း ဈေးမြင့်တက်ပါတယ်။ အခြား ပဲတွေနဲ့ယှဉ်ရင် ပဲစိုက်ဧကလည်း လျော့နည်းသလို စားသုံးမှုလည်းများတဲ့ ပဲဖြစ်တဲ့အတွက် ဈေးကတော့ အမြင့်တန်းမှာ ပဲရှိနေတဲ့ ပဲလည်းဖြစ်သည်။ အရွယ်အစားပေါ်မူတည်ပြီး သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတိတ်ကို ၅၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ 

        ပဲနီပြား ဈေးကလည်း မြင့်တက်ပါတယ်။ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပေမယ့်  ပုံမှန်ထက်ပိုမို မြင့်တက်နေတဲ့အတွက် သုံးတင်းဝင် တစ်အိတ်ကို ၂၂၀၀၀၀ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လလယ်ပိုင်းကတည်းက ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ယခုနှစ်ကတော့ စံချိန်တင်ဈေးမြင့်တက်နေခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည် ကာလတူနှစ်မှာ ပဲနီပြား တစ်အိတ်ကို ၁၃၀၀၀၀ သာ ပေါက်ဈေးရှိခဲ့သည်။ ပဲအများစု ဈေးမြင့်တက်နေပေမယ့် ပဲရာဇာခြမ်းကတော့ ဈေးကွက်ထဲ အနည်းငယ်ဈေးပြန်ကျဆင်းသွားပါ သည်။ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပေမယ့် အဝယ်အနည်းငယ်လျော့သွားတဲ့ အတွက် တစ်ပိဿာကို ၅၄၀၀ကနေ ၅၄၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားသည်။ 

Source: Awba

Category: Local News