International News

တရုတ်နိုင်ငံက ကျောက်မီးသွေးစွမ်းအင်ကဏ္ဍအတွက် အာရှတွင် အကြီးဆုံး ကာဗွန်ဖမ်းယူသိုလှောင်စက်ရုံစီမံကိန်း ကြေညာ

Last Updated:

          တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Energy) က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အာရှ၌ အကြီးဆုံး ကာဗွန်ဖမ်းယူမှု၊ အကျိုးရှိစွာအသုံးချမှုနှင့် သိုလှောင်မှု (CCUS) စက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဇွန် ၂ ရက်က ကြေညာခဲ့သည်။ China Energy ၏ ထိုင်ကျိုး ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးယူနစ်တစ်ခုနှင့် ချိတ်ဆက်ထားသော အဆိုပါစက်ရုံသည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၅၀၀,၀၀၀ ဖမ်းယူနိုင်မည်ဖြစ်ကြောင်း China Energy က ဆိုသည်။

      “စီမံကိန်းစမ်းသပ်လည်ပတ်နေစဉ်အတွင်း CCUS စနစ်က စိတ်ချရတဲ့ လုပ်ဆောင်မှုနဲ့ မြင့်မားတဲ့ ဘေးကင်းရေးစံချိန်စံညွှန်းတွေ၊ စွမ်းအင်ထိရောက်မှုညွှန်းကိန်းတွေနဲ့ ထုတ်ကုန်အရည်အသွေးတွေက သူတို့သတ်မှတ်ထားတဲ့အဆင့်တွေအတွင်းမှာ ဒါမှမဟုတ် အထက်မှာရှိတယ်ဆိုတာ လက်တွေ့ပြသထားပါတယ်” ဟု China Energy ကျန်းဆူးရုံးခွဲ ဥက္ကဋ္ဌ Ji Mingbin က ပြောခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုနှင့် ဖမ်းယူမှုအားလုံးကို အကျိုးရှိရှိအသုံးချနိုင်ကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်း ၈ ခုနှင့် စိတ်ချရသောစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

         ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဖြစ်သော China Energy သည် တရုတ်နိုင်ငံ၌ ကာဗွန်ဖမ်းယူမှုနှင့် သိုလှောင်မှုရှေ့ပြေးစီမံကိန်းများ တည်ဆောက်ရာတွင် ဦးဆောင်ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် တရုတ်နိုင်ငံ၏ ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်ရေး ကြိုးပမ်းအားထုတ်မှုများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ 

Source: https://xinhuamyanmar.com

Category: International News