International News

စမတ်နည်းပညာတွင် တရုတ်နိုင်ငံ Hebei ပြည်နယ်နှင့်ပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားကြိုးပမ်း

Last Updated:

အင်ဒိုနီးရှားအစိုးရနှင့် တရုတ်နိုင်ငံ Hebei ပြည်နယ်တို့သည် စမတ်နည်းပညာဖွံ့ဖြိုး တိုးတက်ရေးကိုအခြေခံ၍ စက်မှုထောက်ပံ့ရေးကွင်းဆက်များနှင့် စက်မှုကဏ္ဍတိုးတက်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto သည် Hebei ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Zhao Chenxin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မကြာသေးမီက လက်ခံတွေ့ဆုံခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ မေလ ၂၉ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် Hartarto က အင်ဒိုနီးရှားနှင့် တရုတ်တို့၏ စီးပွားရေးဆက်ဆံမှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏထက် သုံးဆခန့် ပိုမိုမြင့်မားနေကြောင်း ပြောကြားခဲ့ပါသည်။ Hartarto က အင်ဒိုနီးရှားအစိုးရသည် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဆောင်ရွက်နေကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေမည့် အချက်အလက်များကြောင့်ဖြစ်ကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်သကဲ့သို့ ထုတ်လုပ်မှုကဏ္ဍမှတစ်ဆင့် နိုင်ငံခြားဝင်ငွေများကိုလည်း တိုးမြှင့်ပေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် အင်ဒိုနီးရှား အစိုးရကအလေးထားဆောင်ရွက်နေသော သတ္တုအခြေပြုအဆင့်မြှင့်ထုတ်လုပ်ရေးစီမံကိန်းများ အထူးသဖြင့် နီကယ်နှင့် ဘောက်ဆိုက်ကဏ္ဍများ အောင်မြင်စေရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေမည့်အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်းနှင့် ထိုအဆင့် မြှင့်ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးတွင် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ပံ့ပိုးပေးနေသည့် တရုတ်နိုင်ငံကိုလည်းကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်စီးပွားရေး တိုးတက်မှုအခွင့်အလမ်းများကို လက်လှမ်းမီစေရန် မဟာဗျူဟာမြောက် စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်မှုအဖြစ် Hartarto က နည်းပညာမြင့် စက်မှုလုပ်ငန်းများ၊ စမတ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးသင့်လျော်သော စီးပွားရေးဇုန်များကို အင်ဒိုနီးရှားက ပြင်ဆင်ထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အထူးသဖြင့် North Sulawesi ဒေသကို နိုင်ငံတကာဒေတာချိတ်ဆက်မှုများအတွက် အရေးပါ သည့် တံခါးပေါက်ဒေသအဖြစ် သတ်မှတ်နိုင်ကြောင်း ၎င်းက ထောက်ပြခဲ့ပါသည်။ အဆိုပါ ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ဒေတာပို့ဆောင်ရေး ကွန်ရက်များမှတစ်ဆင့် အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ပထဝီအနေအထား အားသာချက်ကြောင့် ဒေတာစင်တာ (Data Center) များတည်ဆောက်ရန် အလားအလာကောင်းများရှိကြောင်း သိရပါသည်။ တစ်ဖက်တွင် Hebei ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Zhao Chenxin က အင်ဒိုနီးရှားစီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် မူဝါဒအမျိုးမျိုးချမှတ်ဆောင်ရွက်နေမှုများကို ချီးကျူးပြောကြားခဲ့ပါသည်။ ၎င်းက Hebei ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များအား အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန် တက်ကြွစွာပါဝင်လာစေရေး အားပေးဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ လက်ရှိ Hebei ပြည်နယ်သည် စမတ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) အခြေပြု စက်မှုလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရပါသည်။ Hebei ပြည်နယ်အစိုးရသည် Hartarto ၏ အကြံပြုချက်များကို ကြိုဆိုခဲ့ပြီး ထိုအချက်များကို တရုတ်စီးပွားရေးအသိုင်းအဝိုင်းထံ အမြန်ဆုံးမျှဝေသွားကာ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုအဆုံးသတ်တွင် နှစ်ဖက်သည် ပို့ဆောင်ရေးလိုင်းများဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုထိရောက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အနာဂတ် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန်နှင့် အနီးကပ်ဆက်သွယ်မှုများ ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ Hartarto ကလည်း ပို့ဆောင်ရေးလိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးလေ့လာလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သိဟု သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: International News