Local News

ပန်းတနော်မြို့နယ်တွင် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၆၅၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၆၅၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း ပန်းတနော်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဦးက ပြောပြသည်။

ပန်းတနော်မြို့နယ်တွင် ဇူလိုင်လနှင့် ဩဂုတ်လက ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ယနေ့(အောက်တိုဘာလ ၄)ရက်နေ့ထိ ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၆၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ အဆိုပါငရုတ်သီးစိမ်း ဈေးကောင်းရရှိနေခြင်းသည် ဒေသတွင်းဈေးကွက်မှ ဝယ်ယူမှုအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အခုလက အရင်နှစ်လထက် ငရုတ်သီးစိမ်းက ဈေးကောင်းရရှိလာပါတယ်။ လက်ရှိဒေသထွက်ငရုတ်သီးစိမ်းတွကို ရန်ကုန်ဘက်က ဝယ်ယူမှုအားကောင်းလို့ အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းရရှိနေတာပါ။ အခုနှစ်ငရုတ်သီးစိမ်းဈေးက ကောင်းသလို အထွက်နှုန်းကလဲ ကောင်းပါတယ်။ ဒီနှစ်တော့ ငရုတ်စိုက်တောင်သူတွေ အဆင်ပြေနေတာတွေ့ရပါတယ်။ လက်ရှိ ငရုတ်သီးစိမ်း ၁၀ ပိဿာကို ငွေကျပ် ၆၅၀၀၀ ထိ အမြင့်ဈေးရနေတာပါ” ဟု ပန်းတနော်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဦးက ပြောပြသည်။

ပန်းတနော်မြို့မှ တောင်သူများသည် ငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ငရုတ်သီးများလည်း အရည်အသွေးကောင်းမွန်ကြောင်း၊ လက်ရှိငရုတ်သီးစိမ်း ဈေးကောင်းနေခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News