Local News

ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးမှ နေ့စဉ် ငါး၊ ပုစွန်ပိဿာချိန် သုံးသိန်းခန့် ရောင်းချပေးနေ

Last Updated:

ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးမှ  နေ့စဉ်  ငါး၊  ပုစွန်ပိဿာချိန်  သုံးသိန်းခန့်  ဖြန့်ဖြူးရောင်းချပေးနေကြောင်း  အ‌ဆိုပါငါးဈေးရှိ  ငါး၊  ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ  သိရသည်။  ရွှေပိတောက်ငါးဈေးသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်တည်ရှိပြီး ဈေးရုံရှစ်ရုံ၊ ဆိုင်ခန်း ၄၄၀ ကျော်နှင့် ပျံကျဆိုင်ခန်းငယ် ၁၇၀ ဖြင့် ရေထွက်ကုန်များကို လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချပေးနေသည့် ငါးဈေးဖြစ်ကြောင်း၊ ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ငါး၊ ပုစွန်များနေ့စဉ်ဝင်ရောက်နေပြီး ရန်ကုန်တိုင်း‌ဒေသကြီးရှိ စားသုံးသူဈေးကွက်များ၊ အခြားပြည်နယ်နှင့်တိုင်းဒေသကြီး စားသုံးသူဈေးကွက်များသို့ နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ပင်လယ်ငါးမဖမ်းရာသီ ကုန်ဆုံးသွားပြီဖြစ်သဖြင့် ကမ်းဝေးပင်လယ်‌ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ပြည်တွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင်လည်း ငါး၊ ပုစွန်များ ဖမ်းဆီးရမိနေချိန်ဖြစ်သည့်အပြင် ငါးမွေးမြူရေးလုပ်ငန်းများမှ ငါး၊ ပုစွန်ဝင်ရောက်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် ဩဂုတ်လနှင့် စက်တင်ဘာလ ပထမပတ်တွင် ရွှေပိတောက်ငါးဈေးသို့ နေ့စဉ် ငါး၊ ပုစွန်ပိဿာချိန် သုံးသိန်းခွဲခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဝင်ရောက်လာသည့် ငါး၊ ပုစွန်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး စားသုံးသူဈေးကွက်များသို့ ပိဿာချိန် ၇၀၀၀၀ ထိ နေ့စဉ်ဖြန့်ဖြူးရောင်းချပေးနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဈေးပေါင်း ၁၈၀ ကျော်ရှိ စားသုံးသူဈေးကွက်များသို့ ပိဿာချိန် နှစ်သိန်းကျော်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ရွှေပိတောက်ငါးဈေးတွင် ငါး၊ ပုစွန်များကို လှောင်ပြီးရောင်းချနေခြင်းမဟုတ်ဘဲ ယနေ့ရောက်၊ ယနေ့ရောင်းပုံစံဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ရွှေပိတောက်ငါးဈေးရှိ ငါး၊ ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News