Local News

ပန်ဆောင်မြို့တွင် ငရုတ်သီးတစ်ပိဿာလျှင် ‌ငွေကျပ် ၆၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

စစ်ကိုင်းဒေသကြီးနန်းယန်းမြို့နယ် ပန်ဆောင်မြို့တွင် ငရုတ်သီးတစ်ပိဿာလျှင် ‌ငွေကျပ် ၆၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ပန်ဆောင်မြို့မှ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။ယခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်က ငရုတ်သီးများ လှိုင်လှိုင်ထွက်ရှိပြီး လက်ရှိတွင်ငရုတ်သီး တစ်ပိဿာလျှင်‌ ငွေကျပ် ၆၀၀၀ ထိ ဈေးကောင်းရရှိသည့်အတွက် ငရုတ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ပန်ဆောင်မြို့မှာ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ အခုအခါ ငရုတ်သီးထွက်ရာသီရောက်ရှိနေပါပြီ။ ငရုတ်သီးပွဲရုံတွေက ဈေးကောင်းပေးဝယ်ယူနေကြပါတယ်။ ဒါကြောင့် ငရုတ်စိုက်တောင်သူတွေ အဆင်ပြေနေကြပါတယ်”ဟု ပန်ဆောင်မြို့မှ ငရုတ်စိုက်တောင်သူ ဦးမျိုးဦးက ပြောပြ၍ သိရသည်။ ပန်ဆောင်မြို့တွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများ၌ တောင်ယာများခုတ်ကာ လက်ဖက်၊ တည်ပင်၊ ကော်ဖီ စသည့် နှစ်ရှည်ပင်များနှင့်အတူ ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြကြောင်း သိရသည်။

ငရုတ်စိုက်တောင်သူများကို ငရုတ်သီးနှံအထွက်နှုန်းကောင်းရန်၊ ဈေးကွက်ရရှိရန်အတွက် စိုက်ပျိုးနည်းစနစ် နည်းပညာပေးခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းရန် နည်းပညာပေးခြင်း၊ မြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်ရန် နည်းပညာပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ငရုတ်တစ်ဧကကို စတင်စိုက်ပျိုးချိန်မှ အသီးသီးချိန်ထိ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၅ သိန်းမှ ၂၅ သိန်းခန့်ကုန်ကျကြောင်း၊ ငရုတ်သည် ၁၅ ရက်တစ်ကြိမ် ခူးဆွတ်ရပြီး ခြောက်လထိ ခူးဆွတ်၍ရကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် စတင်ခူးဆွတ်ချိန်၌ ပိဿာ ၁၀၀ ခန့်ထွက်ပြီး နောက်အပတ်များတွင် ပိဿာ ၄၀၀ နှင့် ၅၀၀ ကြားထွက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News