Local News

ကြက်သွန်ဖြူ တစ်ပိဿာ တစ်သောင်းကျပ်အထိ မြင့်တက်လာ

Last Updated:

အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ တစ်သောင်းကျပ်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ "ကြက်သွန်ဖြူတစ်ပိဿာကို တစ်သောင်းရှိတယ်။ ကြက်သွန်နီလည်း ဈေးတက်လာတယ်။ ကြက်သွန်ဖြူက တစ်ခါမှ အဲဒီလောက်ဈေးမတက်ဖူးဘူး။ အခုဆိုရင် လျှော့ပြီးသုံးနေရတယ်"ဟု တောင်ဥက္ကလာပတွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လတွင် ကြက်သွန်ဖြူတစ်ပိဿာ ၂၅၀၀၊ ၃၀၀၀ ပတ်ချာလည်သာရှိပြီး ထက်ဝက်ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများသာမက တရုတ်နိုင်ငံဘက်မှ တင်သွင်းလျက်ရှိရာ ယခုအခါ ရှမ်းမြောက်တွင်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ဘုရင့်နောင်ပွဲရုံပေါက်ဈေး ၇၈၀၀ ကျပ် မှ ၉၅၀၀ ကျပ် ရှိကာ ပြင်ပလက်လီဈေးကွက်တွင် တစ်ပိဿာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း လက်လီရောင်းချသူများထံမှ သိရသည်။

ကြက်သွန်ဖြူကို နှစ်စဉ် တာချီလိတ်ကုန်သွယ်ရေးစခန်းမှတဆင့် တန်ချိန် ၃၀၀၀၀ ဝန်းကျင် တင်ပို့ရောင်းချမှုများရှိနေပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်အတွင်းနေ့စဉ် ကြက်သွန်ဖြူ ပိဿာချိန် ၂၀၀၀၀ အဝင်ရှိကြောင်း သိရသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွေ စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိခြင်းဖြစ်သည်။

Source: https://t.me/popularjournal

Category: Local News