Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ဝင်းက ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၅၃၀၀၀ ထိသာရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လတာကာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဒေသကထွက်တဲ့ ငါးခြောက်မျိုးစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၇၀၀၀ ထိ ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့ရောင်းချအားတက်ခဲ့တာဖြစ်တယ်။ ငါးခြောက်ဈေးကတော့ ပုံမှန်အခြေအနေမှာပဲ ရှိပါတယ်။ လက်ရှိ ငါးခြောက်မျိုးစုံကို ပြည်တွင်းဈေးကွက်က အဝယ်လိုက်လို့ အရောင်းသွက်နေတာပါ” ဟု လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ဝင်းက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်အမျိုးအစားသည် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ အာပဲ့ခြောက် စသည့်ငါးခြောက်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်များ တစ်ပိဿာချင်းဈေးနှုန်းသည် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀၊ ငါးကွမ်းရှပ်(ငါးညို)‌ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀၀၊ ငါးပြေမ‌ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၃၅၀၀၊ ငါးလိပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၀၅၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News