Local News

ဝါးခယ်မမြို့နယ်တွင် ကွမ်းသီးစိမ်း အလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ကွမ်းသီးစိမ်း ဝယ်လိုအားကောင်းလာပြီး အလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း ဝါးခယ်မမြို့နယ် ကွမ်းသီးစိမ်းရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြ၍ သိရသည်။

ဝါးခယ်မမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကွမ်းသီးစိမ်းအလုံး ၁၀၀ လျှင် ငွေကျပ် ၅၅၀၀ သာ ပေါက်ဈေးရှိခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ ယနေ့(စက်တင်ဘာလ ၇)ရက်နေ့ထိ ကွမ်းသီးစိမ်း အလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါဒေသထွက်ကွမ်းသီးစိမ်းများ အထွက်နည်းလာခြင်းကြောင့် ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ကွမ်းသီးစိမ်းက လိုသလောက်မရတဲ့ထိကို အရောင်းအဝယ်ဖြစ်နေပါတယ်။ အခု ဈေးကွက်ထဲမှာ ကွမ်းသီးစိမ်း အလုံး ၁၀၀ ကို ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ ပြီးခဲ့တဲ့လတွေကထက် ကွမ်းသီးအလုံး ၁၀၀ ကို ငွေကျပ် ၂၀၀၀ ထိ ဈေးပိုရရှိနေပါတယ်။ ဝါးခယ်မမြို့နယ်မှာ ကွမ်းသီးအရည်သောက်အနုသီးတွေ အဝယ်များလာတော့ အရင့်သီးတွေရှားလာပြီး အစိမ်းအမှည့်သီးက ဈေးပိုကောင်းလာတာဖြစ်ပါတယ်။ ဝါးခယ်မကထွက်တဲ့ ကွမ်းသီးတွေကို ဒေသဈေးအပြင် အခြားဒေသတွေကိုလည်း တင်ပို့ရောင်းချနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ကွမ်းသီးစိမ်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြသည်။

ဝါးခယ်မမြို့နယ်က ထွက်ရှိသည့်ကွမ်းသီးစိမ်းများကို ဒေသကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များကဝယ်ယူပြီး စနစ်တကျထုပ်ပိုးကာ ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါကွမ်းသီးစိမ်းများ ဈေးကောင်းလာသည့်အတွက် စိုက်ပျိုးသူများ၊ ကွမ်းသီးခူးဆွတ် သန့်စင်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News