Local News

ယခုနှစ်ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု သုည ဒသမ ၀၃ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ယခုနှစ် ပထမ ၁၀ လတာကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်ပစ္စည်းတင်သွင်းခြင်းနှင့် တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် သုည ဒသမ ၀၃ ရာခိုင်နှုန်း တိုးလာကာ ဝင်ငွေအားဖြင့် ယွမ် ၃၄ ဒသမ ၃၂ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၄ ဒသမ ၇၈ ထရီလီယံခန့်) ရှိကြောင်း နိုင်ဝင်ဘာလ ၇ ရက်တွင် ဖော်ပြသည့် တရားဝင် အချက်အလက်များအရ သိရသည်။ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယွမ် ၁၉ ဒသမ ၅၅ ထရီလီယံရှိခဲ့ကာ တစ်နှစ်ထက်တစ်နှစ် သုည ဒသမ ၄ ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန်တန်ဖိုးမှာ ယွမ် ၁၄ ဒသမ ၇၇ ထရီလီယံသို့မဟုတ် ယခင်နှစ်ကထက် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း အကောင်ခွန်ဌာနမှ သိရသည်။

အောက်တိုဘာလ တစ်လအတွင်းမှာပင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၃ ဒသမ ၅၄ ထရီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အောက်တိုဘာလတွင်း ပို့ကုန်သည် ယခင်လကထက် ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမ ၁၀ လတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)သည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေသည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ် ၅ ဒသမ ၂၃ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ၁၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တရုတ်နှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းသွားပြီး အမေရိကန်နှင့် ကုန်သွယ်မှုမှာလည်း ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ စက်ပစ္စည်းနှင့် အီလက်ထရွန်နစ် ထုတ်ကုန်များ တင်ပို့မှုသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်းပါက ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်လာပြီး မော်တော်ကားတင်ပို့မှု တန်ဖိုးသည်လည်း လွန်ခဲ့သည့်နှစ်ကထက် ၈၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

Source: ဆင်ဟွာ

Source: ကြေးမုံသတင်းစာ

Category: Local News