International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဈေးနှုန်း တည်ငြိမ်နေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာနတာဝန်ရှိသူမှ ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံသို့ အိန္ဒိယမှ ဆန်တင်သွင်းမှုသည် ရှေ့လတွင်ရောက်ရှိမည်ဖြစ်ပြီး အထွက်နှုန်းလည်း မြင့်တက်လာသဖြင့် လက်လီဆန်ဈေးနှုန်းမှာ တည်ငြိမ်မည့် အလားအလာရှိနေပြီး အထူးသဖြင့် လာမည့်အားလပ်ရက်ကာလများတွင်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။ အစောပိုင်းကာလများက ခန့်မှန်းထားသည့် ဈေးနှုန်းဖြစ်သော တစ်ကီလိုလျှင် ၅၂ ပီဆို (ကျပ်သုံးထောင်ဝန်းကျင်) ထိ မရောက်ရှိနိုင်ကြောင်း၊ အကြောင်းမှာ မိမိတို့တွင် လုံလောက်သော ထုတ်လုပ်မှုရှိနေပါကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် အိန္ဒိယမှ ဆန် တန်ချိန် ၂၉၅,၀၀၀ မက်ထရစ်တန် ရောက်ရှိရန်ခန့်မှန်းထားပါကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၁၈-၁၀-၂၀၂၃ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သော အမိန့်ကြော်ငြာစာအရ နီပေါ၊ ကင်မရွန်း၊ ကုတ်ဒီဗွား၊ ဂီနီ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဆေးရှဲလ်နိုင်ငံ (၇) နိုင်ငံသို့ ဆန်တန်ချိန် ၁.၀၃ မက်ထရစ်တန် ပေးပို့သွားမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ ဇူလိုင်လက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ရပ်ဆိုင်းခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်ဝယ်ယူမှုခွဲတမ်း အမြင့်ဆုံးရရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းစပါး ထွက်ရှိမှုမှာလည်း မြင့်တက်လာခဲ့သည့်အတွက် ရက် (၉၀) ခံ ပြည်တွင်းဆန်ရိက္ခာမှာ တိုးမြင့်လာပါကြောင်း၊ ၂၀၂၃ ခုနှစ် တတိယ (၃) လပတ်အတွက် စပါးထွက်ရှိမှုမှာ ၃.၉ မက်ထရစ်တန် ရှိခဲ့ပြီး ၀.၂၁ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါကြောင်း ဖော်ပြပါ ရှိပါသည်။

Western Visaya မှ စပါးထွက်ရှိမှုမှာ ၇၂၆,၆၄၂ မက်ထရစ်တန်ဖြင့် အမြင့်ဆုံးထွက်ရှိခဲ့ပြီး စုစုပေါင်းထွက်ရှိမှု၏ ၁၉.၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ သို့ရာတွင် နှစ်စဉ်ထွက်ရှိမှုနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ Cagayan Valley မှ ၄၇၆,၃၄၃.၂၂ မက်ထရစ်တန်ထွက်ရှိပြီး စုစုပေါင်းထွက်ရှိမှု၏ ၁၂.၅ ရာခိုင်နှုန်းရှိပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သုံးသပ်တင်ပြချက်

စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့သည် ပြည်တွင်းဈေးကွက်တွင်း လက်လီဆန်ဈေးနှုန်းမြင့်တက်နေမှုများ မဖြစ်ပေါ်စေရန်၊ ဖိလစ်ပိုင်နိုင်ငံသား အခြေခံလူတန်းစားများအပေါ် အကျိုးသက်ရောက်မှု၊ ထိခိုက်မှုနည်းပါးစေရန် ရည်ရွည်ပြီး ဆန်ဈေးနှုန်း (အမြင့်ဆုံးဈေး) သတ်မှတ်ချက်အနေဖြင့် Regular Milled တစ်ကီလိုလျှင် ၄၁ ပီဆိုနှင့် Well Milled တစ်ကီလိုလျှင် ၄၅ ပီဆိုထိ သတ်မှတ်ခဲ့ပြီး ဈေးကွက်တွင်းဈေးနှုန်းများ ပြန်လည် တည်ငြိမ်လာ၍ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက်အား ပြန်လည်ရုတ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမ (၆) လ ပတ်ကာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ၄၀,၂၀၈ မက်ထရစ်တန် တင်ပို့ခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာနိုင်ငံမှ တင်သွင်းမှုစုစုပေါင်း၏ ၃၅.၅ ရာခိုင်နှုန်းခန့်မှာ ဆန်တင်သွင်းမှုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ဆန် အများဆုံးတင်ပို့သည့်နိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။ 

 

 

Source; https://business.inquirer.net/430133/agri-officials-see-stable-rice-prices

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News