တစ်ပတ်အတွင်း ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံဈေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေတဲ့အတွက် ဈေးအပြောင်းအလဲ သိပ်မရှိပဲ အများစုဈေးငြိမ်နေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ တစ်ပတ်အတွင်း အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ တစ်တန်ကို ငွေကျပ် ၂၆ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့ရာမှ အိန္ဒိယနိုင်ငံအတွင်း မတ်ပဲအသစ်တွေ ဈေးကွက်တွင်း ဝင်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးပြန်ကျဆင်းသွားတာလို့ သိရပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ တွင်းမှာ မတ်ပဲ အထွက်နှုန်းလျော့ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက ရေရှည်မှာ ဈေးပြန်ပြီး မြင့်တက်နိုင်ဦးမယ်လို့သုံးသပ်မှုတွေရှိပေမယ့် ပြည်တွင်း အခြေအနေအရ လက်ရှိပေါက်ဈေးနှုန်းက ထုတ်ရောင်းဖို့ သင့်နေတယ်လို့ ပြည်တွင်း ပဲကုန်သည်အချို့က သုံးသပ်ပြောဆိုထားပါတယ်။
မတ်ပဲ(FAQ/RC) က တစ်တန်ကို ၂၅၀၇၀၀၀ ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်လိုက်ရင် တစ်တန်ကို ၁၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၂၀၀၀ ကနေ ၂၄၃၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲမရှိ ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်တွင်း မှာလည်း လက်ကျန်မရှိအရောင်းအဝယ်မရှိဘူးလို့ ကုန်သည်များက ပြောပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ ထွက်ရှိမှုနှုန်းလျော့တာဖြစ်လို့ အသစ်ရာသီမှာ ဈေးကောင်းရနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၀၇၅၀၀၀ နဲ့ တစ်ပတ်လုံး ဈေးငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကြား ပေါက်ဈေးရှိနေပေမယ့် အရောင်းအဝယ် မရှိဘူးလို့ သိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အနည်းငယ်ဈေးမြင့်တက်ပါတယ်။ တရုတ်ဝယ်လက်တွေ ရှိနေတဲ့အတွက် ဈေးအနည်းငယ်မြင့်တက်တာလို့သိရပါတယ်။ လက်ရှိမှာတော့ ပဲတီစိမ်း အညာနဲ့ ဝါးခယ်မတို့က ဈေးကောင်းနေပါတယ်။ သီတင်းကျွတ်အပြီး မိုးပဲတွေဈေးကွက်ထဲ ဝင်လာရင်တော့ ပဲဈေးအခြေအနေက ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ တရုတ်နိုင်ငံတင်ပို့မှုအခြေအနေက လက်ရှိမှာ မသွက်သေးတဲ့အတွက် တရုတ်အဓိက တင်ပို့နေတဲ့ ပဲတီစိမ်း အခြေအနေကလည်း ရေရာမှု မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၃၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ဂျုံ
ဆက်တိုက်အမြင့်ဈေးနဲ့ရှိနေတဲ့ ဂျုံဈေးက ဈေးပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ ပြည်ပကနေ အဝင်ရှိနေတာဖြစ်တဲ့အတွက် အနည်းငယ်ကျဆင်းသွားတာဖြစ်ပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ) တစ်အိတ် ကို ၁၇၀၀၀၀ မှ ၂၁၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲပုပ်
ပဲပုပ်ဈေးကတော့ မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို (ရှမ်း)ပဲပုပ်တွေ အဝင်ရှိနေပြီး အဝယ်လည်း သွက်နေတဲ့အတွက်ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။ ဗမာ(ပဲပုပ်)ကတော့ လက်ရှိမှာ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုပ်(ရှမ်း) က တစ်အိတ်ကို ၁၇၀၀၀၀ မှ ၁၈၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ နယ်စုံကနေ အဝင်များအဝင်သွက်နေတဲ့အတွက် ဈေးအတက်အကျရှိနေပေမယ့် အများကြီး ဈေးကျဆင်းသွားတာမျိုး မရှိပါဘူး။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် ဝင်ရောက်မှု ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာ)တို့က တစ်ပိဿာကို ၂၁၅၀ မှ ၃၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲကို အဝင်များနေပြီး ပြည်တွင်းကြက်သွန်တွေလည်း အဝင်ရှိနေတဲ့အတွက် ဈေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၁၀၀ မှ ၇၂၀၀ ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရှမ်းကြက်သွန်ကတော့ ဝယ်လိုအား ကောင်းပြီး ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ တစ်ပိဿာကို ၇၃၀၀ မှ ၈၇၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာတာပါ။
ငရုတ်
ငရုတ်ကတော့ ပြည်ပဝယ်လိုအား မရှိတဲ့အတွက်ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အထိ ဈေးငြိမ်နေခဲ့တာဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဈေးတွေ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့မှုတွေ ရှိနေပေမယ့် လက်ရှိမှာတော့ တင်ပို့မှုနည်းပြီး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(ပန်းရဲ) က တစ်ပိဿာကို ၇၀၀၀ မှ ၉၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ငရုတ်(မြှားနီ)ကလည်း တစ်ပိဿာကို၇၀၀၀ မှ ၉၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ငရုတ်(အိမ်မဲ)ကလည်း တစ်ပိဿာကို ၆၀၀၀ မှ ၇၀၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားသည်။
ဆင်ဖြူကျွန်း(ပု) နှင့် မြစ်ဝကျွန်းပေါ် (ပု)တို့ ကတော့ တစ်ပိဿာကို ၁၄၀၀၀ မှ ၁၆၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေသည်။
နှမ်းစျေးကွက်
နှမ်းမျိုးစုံဈေးကွက်ကတော့ တရုတ်ဝယ်လက်ပေါ်မူတည်ပြီး ဈေးအတက်အကျ အနည်းငယ်ရှိနေသည်။ တရုတ်ပွဲတော်ကာလဖြစ်တဲ့အတွက် အရောင်းအဝယ်အနည်းငယ်သွက်နေတဲ့ အတွက်ဈေးကတော့အများကြီး ကျဆင်းသွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၈၅၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၅၅၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ နီးပါးဈေးတက်လာသည်။ နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၆၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။ နှမ်းညိုကတေ့ာ ဈေးကွက်ထဲ အဝင်များနေပြီး အဝယ်မသွက်တဲ့အတွက်ဈေးက ကျဆင်းသွားသည်။တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျ ဆင်းသွားသည်။
Source: https://t.me/htwettoe