Local News

ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၁၄၅၀၀၀ ထိ တင်ပို့ခဲ့ရ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၁၄၅၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူဝင်းက ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်တွင် ဩဂုတ်လအတွင်း ငါးခြောက်မျိုးစုံပိဿာချိန် ၉၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငါးခြောက်မျိုးစုံ ပိဿချိန် ၁၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ပင်လယ်ငါးခြောက်များသည် နွေကာလအတွင်း အခြောက်လှန်းထားသည့် လက်ကျန်ငါးခြောက်များဖြစ်ကြောင်း သိရသည်။

“ဒေသကထွက်တဲ့ ပင်လယ်ငါးခြောက်မျိုးစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ငါးခြောက်မျိုးစုံပိဿာချိန် ၁၄၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့ရောင်းချမှု ကောင်းခဲ့ပါတယ်။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ ပင်လယ်ငါးခြောက်တွေဟာ မိုးရာသီမတိုင်ခင် အခြောက်လှန်းသိုလှောင်ထားတဲ့ ငါးခြောက်တွေဖြစ်ပါတယ်။ ငါးခြောက်တွေကတော့ ပြည်တွင်းမှာ စားသုံးသူများလို့ အဝယ်လိုက်နေတာဖြစ်ပါတယ်” ဟု ‌ဒေါ်ကြူကြူဝင်းက ပြောပြသည်။

ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ ငါးခြောက်မျိုးစုံ တင်ပို့ရောင်းချရာတွင် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ကျောက်‌ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ ငါးတံခွန်ခြောက်၊ အာပဲ့ခြောက် စသည့်ငါးခြောက်အမျိုးအစားများ အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News