Local News

မွန်ပြည်နယ်ထွက် ကွမ်းသီး ပြည်ပတင်ပို့နိုင်ရေး

Last Updated:

တစ်ကြိမ်ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်(၃၀)ကျော်အထိဝင်ငွေရရှိနိုင်သော၊ နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး အခြားသီးနှံများနှင့် တွဲဖက်စိုက်ပျိုးဝင်ငွေတိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည့် ကွမ်းသီးအား မွန်ပြည်နယ်အတွင်း ဧကငါးသောင်းကျော်စိုက်ပျိုးထားရှိပြီး တန်ချိန် ကိုးသောင်းကျော် ထွက်ရှိကြောင်းနှင့် မြန်မာ့ကွမ်းသီးစိုက်ပျိုးမှုတွင် ထွက်ရှိမှုအများဆုံး ပြည်နယ်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ်တွင် ကွမ်းသီးစိုက်ပျိုးထားရှိပြီး ရေးမြို့နယ်၌ အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားများပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ပို့ကုန် အလားအလာရှိသော သီးနှံတစ်မျိုး ဖြစ်သည့်အတွက် မွန်ပြည်နယ်ထွက်ကွမ်းသီးများအား တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့လိုကြောင်း မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရှိရပါသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အိန္ဒိယ နိုင်ငံရှိ မြန်မာစီးပွားရေးသံမှူးတို့၏ ချိတ်ဆက်မှုဖြင့် ကွမ်းသီးတင်ပို့ရောင်းချလိုသည့် မြန်မာ လုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံရှိ ကွမ်းသီးဝယ်ယူတင်သွင်းလိုသူများ Online တွေ့ဆုံ ဆွေးနွေး ချိတ်ဆက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News