Local News

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကျားပျံစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကျားပျံစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျားပျံစပါးအမျိုးအစားတင်းရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ကျားပျံစပါးအမျိုးအစားတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကျားပျံစပါးတင်းရေ ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဝါးခယ်မမြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေလဲ ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချပါတယ်။ ကျားပျံစပါးအမျိုးအစားက ဆန်အချောအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားများနေလို့ တင်ပို့အားတက်ခဲ့တာဖြစ်ပါတယ်။ ကျားပျံစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချနိုင်ခဲ့သည့် ကျားပျံစပါးအမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကျားပျံစပါးများ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် တောင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News