Local News

မကွေးတိုင်းမှ ထွက်သည့် ကြက်သွန်နီ နှင့် အာလူးကို နိုင်ငံခြားပို့ကုန်သီးနှံ အဖြစ်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်

Last Updated:

     သြဂုတ် (၇)ရက် နံနက်ပိုင်းက မကွေးတိုင်းအစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် စားဖိုဆောင်သီးနှံ (ကြက်သွန်၊ အာလူး) တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းအတွင်း၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီကို မြို့နယ်(၂၅) မြို့နယ်တွင် (၃၇၉၃၁) ဧကနှင့် အာလူးကို မြို့နယ် (၉) မြို့နယ်၌ (၆၇၂)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိ‌ကြောင်း အဆိုပါအစည်းအဝေးတွင် ပြောကြားချက်အရသိရသည်။

     အဆိုပါ သီးနှံများကို နည်းစနစ်တကျနှင့် ထိထိရောက်ရောက် ပိုမိုထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးသူတောင်သူများအနေဖြင့် ကြက်သွန်နီနှင့် အာလူးကို ပိုမိုစိုက်ပျိုးပါက သီးနှံအထွက်နှုန်းတိုးတက်ပြီး ဝင်ငွေတိုးပွားလာမည်ဖြစ်၍ တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်းလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က မှာကြားသည်။ ထို့ပြင် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ တောင်သူများအနေဖြင့်လည်း ဓါတုဆေးသုံးစွဲမှုများ နည်းစနစ်မှန်ကန်စွာအသုံပြုရန်၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practice (Gap) စနစ်သို့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

Source: http://www.popularmyanmar.com

Category: Local News