International News

မြန်မာပုဂ္ဂလိကကဏ္ဍနှင့် ဆန်ရောင်းဝယ်မှု MoU ရေးထိုးနိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်

Last Updated:

ပြည်တွင်းဈေးကွက်၌ လိုအပ်ချက်မြင့်မားလျက်ရှိမှုအပေါ် အရန်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍထံမှ ဆန်နှင့်အခြားလယ်ယာထွက်ကုန်များ ဝယ်ယူရရှိနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မကြာသေးမီက အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ထားရှိသည့် ဆန်ရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ မူကြမ်းတစ်စောင်ကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သဘောထားမှတ်ချက်ပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များထံ ဖြန့်ဝေခဲ့ကြောင်း ဘင်္ဂလား‌ဒေ့ရှ် The Financial Express သတင်းဌာနက ဖော်ပြပါသည်။

မြန်မာနှင့် ကုန်ရောင်းဝယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာဘက်မှ ဆန်တင်ပို့မှုအပြင် ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကဲ့သို့သော ပြည်တွင်း၌ ဈေးနှုန်းမြင့်တက်လျက်ရှိသည့် ဟင်းခတ်အမွှေးအကြိုင် ကုန်စည်များကို ထောက်ပံ့ပေးသွင်းစေရန် လိုလားမှုရှိကြောင်း၊ နားလည်မှုစာချွန်လွှာ ပထမမူကြမ်းအား ပြင်ဆင်သုံးသပ်ပေးနိုင်ရန်အတွက် ယခင်နှစ် အောက်တိုဘာလ၌ မြန်မာဘက်မှ ပေးပို့ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် မွန်းမံပြင်ဆင်ထားသည့် နောက်ထပ်မူကြမ်းကို ပေးပို့လာခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနမှ အရာရှိများက ပြောကြားခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို မကြာမီလက်မှတ်ရေးထိုးမည်ဖြစ်၍ သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများထံမှ သဘောထားအမြင်ကို အမြန်ဆုံးစုစည်းရယူရန် ဖေဖော်ဝါရီလကုန်ပိုင်း၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်သူများအနေဖြင့် သဘောထားပြန်ကြားရာတွင် အဆိုပြုမူကြမ်း၏ အသေးစိတ်အချက်အလက်များအပေါ် အလွန်အမင်း ပြန်လည်ပြင်ဆင်ခြင်းမပြုရန် ပြောကြားထားကြောင်း၊ သို့မှသာ အချိန်တိုအတွင်း မူကြမ်းကို အပြီးသတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့် နေ့ရက်ကို သတ်မှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်သည့် ဝန်ကြီးဌာနနှင့် အင်တာနက်ကွန်ယက်စနစ်ဖြင့် အစည်းအဝေးတစ်ရပ် ကျင်းပရန်ကိုလည်း ၎င်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဘက်မှ ထောက်ပံ့ပေးသွင်းလိုသော လယ်ယာထွက်ကုန်များစာရင်းကို လက်ခံရရှိခဲ့ပြီး စိုက်ပျိုးရေးဝန်ကြီး ဌာနနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနများထံ သဘောထားအမြင် တောင်းခံထားသည်ဟု ၎င်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက The Financial Express သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆိုပါနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (Trading Corporation of Bangladesh - TCB) ၏ ဥက္ကဋ္ဌဖြစ်သူ Md Ariful Hassan က မြန်မာနှင့် တရားဝင်လက်မှတ်ရေးထိုးခြင်းသည် ၎င်းတို့ ကော်ပိုရေးရှင်းအတွက် လိုအပ်သော လယ်ယာထွက်ကုန်များကို လွယ်ကူစွာနှင့် လျင်မြန်စွာရရှိနိုင်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်စည်များကို ဈေးနှုန်းသက်သာစွာဖြင့်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိကာလ၌ ဝင်ငွေနည်းပါးသူများအနေဖြင့် ကုန်ဈေးနှုန်းများ ဖောင်းပွမှုဒဏ်ခံရခြင်းမှ လျော့ပါးသက်သာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကောက်ပဲသီးနှံများနှင့် အချို့သော အခြေခံကုန်စည်များကို အိမ်ထောင်စုပေါင်း ၁၀ သန်းခန့်သို့ ဈေးနှုန်းချိုသာစွာဖြင့်  ထောက်ပံ့ပေးလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ် ဆန်တန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချပေးရန် မြန်မာနိုင်ငံနှင့် အစိုးရချင်း နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ လက်မှတ်ရေးထိုးထားခဲ့သည်။

Source: The Financial Express, 6 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News