Local News

အသစ်ဝင်ကုလားပဲအုပ်စု ဈေးကျဆင်းရာမှ ဈေးပြန်မြင့်တက်လာ

Last Updated:

အသစ်ဝင် ကုလားပဲအုပ်စု ဈေးကျဆင်းနေရာမှ အကျရပ်ပြီး ဈေးပြန်မြင့်တက်လာကြောင်း  ပဲကုန်သည်များထံမှ သိရသည်။ ပို့ကုန်ပဲများ ဈေးကျဆင်းမှုနှင့်အတူလိုက်ပါ ဈေးကျဆင်းနေ သည့် ကုလားပဲမှာ လှောင်လက်သမားများ အဝယ်ရှိလာတာကြောင့် မတ်လဆန်းပိုင်းတွင် ဈေးပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

"အသစ်ဝင်ရောက်လာတာ တွေများလာတာရယ် ပို့ကုန်ပဲတွေ ဈေးကျတာတွေရှိလာတော့ ကုလားပဲက ဈေးကျနေတာ ဒီရက်ပိုင်း ဈေးပြန်တက်လာ တယ်။ အရင် အမြင့်ဈေးတော့ မရောက်သေးဘူး။ ဒီဈေးတွေက လှောင်လက်သမားတွေ အဝယ်ရှိ နေတာပါ" ဟု ၄င်းက ပြောသည်။ မတ်လ ပထမသီတင်းပတ် တွင်ကုလားပဲ (V2) တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၊ ကုလားပဲ (၉၂၉) ၅၆ဒသမ ၂၅ ပိဿာလျှင် ငွေကျပ် ၂၄၀၀၀၀၊ ကုလားပဲ (TW) လျှင် ငွေကျပ် ၂၄၁၀၀၀ ပေါက်ဈေးရှိလာသည်။

လက်ရှိ မန္တလေးဈေးကွက်တွင် ဝမ်းတွင်း၊သဲတော၊စစ်ကိုင်း၊ မုံရွာဘက်မှ  ကုလားပဲအသစ်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တောင်သူအများစုအနေဖြင့် ကုလားပဲမျိုးကို မျိုးချန် စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော် ရှိပြီး ကုလားပဲ၊ ပဲတီစိမ်း ၊ မတ်ပဲ၊ ပဲစင်းငုံတို့ကို စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်းသိရသည်။ ဆောင်း ကုလားပဲများကို အောက်တိုဘာလတွင် မိုးရေအစိုဓာတ်ဖြင့် လည်းကောင်း၊ ရေစက်များဖြင့် ရေတင်၍လည်းကောင်း ယာမြေများ၌ စိုက်ပျိုးကြကြောင်း၊ V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး အသေးမျိုးများကို စိုက်ပျိုးကြသည့် အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News