International News

ကမ္ဘောဒီးယားနှင့် ဆန်ပေးသွင်းမှု သဘောတူညီချက်ရရှိနိုင်ရေး ဖိလစ်ပိုင် ကြိုးပမ်း

Last Updated:

ပြည်တွင်း စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုအကျိုးဆက်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆန်ထောက်ပံ့ပေးသွင်းမှု သဘောတူညီချက်တစ်ရပ် ရေးထိုးနိုင်မည့်အလားအလာကို လေ့လာလျက်ရှိကြောင်း သိရပါသည်။

အကြိမ် ၅၀ မြောက် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေစဉ်ကာလအတွင်း ၄-၃-၂၀၂၄ နေ့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် သီးခြားတွေ့ ဆုံရာ၌ စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့်ဆန်ကုန်သွယ်မှု၌ ကမ္ဘောဒီးယားနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အချို့သော နားလည်မှုစာချွန်လွှာများသည် သက်တမ်းကုန်လွန်ခဲ့ပြီဖြစ်ကြောင်း၊ လယ်ယာထွက်ကုန် ကုန်သွယ်မှုကဏ္ဍတွင် အထူးသဖြင့် ဆန်စပါး ရောင်းဝယ်မှုကို ပြန်လည်ကြည့်ရှုလျက် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့သည့် ခရီးစဉ်အတွင်း ရာသီဥတုခြောက်သွေ့မှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေချိန်တွင် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ မိမိတို့ဆွေးနွေးခဲ့ကြကြောင်း၊ ယခုအခါ ခြောက်သွေ့မှုဒဏ်ကို ကြုံတွေ့လာရပြီဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မိမိတို့၏ ထောက်ပံ့ပေးသွင်းသူများကို ပြောင်းလွယ်ပြင်လွယ်ရှိသော သဘောထားဖြင့် ရှုမြင်မှုရှိပါကြောင်း ဖြင့် ဖိလစ်ပိုင်သမ္မတမားကို့စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတမားကို့စ်သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ပြီး အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပါဝင်တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိသော်လည်း ရိက္ခာဆန် လုံလောက်မှုရှိစေရေးအတွက်  ပြည်ပမှတင်သွင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ ဆန်ထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်ဆံရေးကိုမြှင့်တင်ရန်လည်း လိုအပ်ကြောင်း သမ္မတမားကို့စ်က ဆက်လက်ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဆန်ထောက်ပံ့ပေးသွင်းမှုတွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် လေ့လာလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း ဖိလစ်ပိုင် သမ္မတရုံး၏ ဆက်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

      အယ်လ်နီညိုဖြစ်စဉ်သည် ခရိုင်ပေါင်း ၈၀ ၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်မှုရှိကြောင်း ဖိလစ်ပိုင်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားထားသည်။ ဆန်၊ ပြောင်း၊ ဝက်သား၊ သကြားနှင့် အခြားကုန်စည်များ လုံလောက်စွာ ထောက်ပံ့မှုသေချာခိုင်မာစေရေး ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက အာမခံထားကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ဆန် ရောင်းလိုအားနှင့် ဝယ်လိုအားအလားအလာခန့်မှန်းချက်ကို ကိုးကားလျက် ၉၉ ရက်စာ အရန်ရိက္ခာနှင့် ညီမျှသော ပျမ်းမျှဆန်တန်ချိန် ၃.၇ သန်းထားရှိမှုနှင့်အတူ နှစ်ကုန်အထိ ဆန်ထောက်ပံ့ပေးသွင်းမှုမှာ တည်ငြိမ်နေမည်ဟု ဖိလစ်ပိုင်သမ္မတရုံး၏ ဆက်သွယ်ရေးဌာနက ပြောကြားထားကြောင်း သိရှိရပါသည်။

Source: The Philippine Star, 5 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News