Local News

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်/စက်မှုလက်မှုအသင်းနှင့် ထိုင်းနိုင်ငံ၊ Tak ခရိုင် ကုန်သည်/စက်မှုလက်မှုအသင်းတို့တွေ့ဆုံ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ Tak ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုအသင်းမှ ကိုယ်စားလှယ်များသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ ညနေ (၀၃:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့ရှိ Royal Ayar ကုမ္ပဏီ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဘက်မှ ARCCI အသင်း ဥက္ကဋ္ဌ၊ မွန်ပြည်နယ် CCI အထွေထွေအတွင်းရေးမှူး၊ ARCCI အသင်း၏ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ခံနှင့် ထိုင်းနိုင်ငံဘက်မှ Tak ခရိုင် ကုန်သွယ်ရေးရာရုံး ညွှန်ကြားရေးမှူး၊ စီမံကိန်းဌာန ညွှန်ကြားရေးမှူး၊ tak ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။

တွေ့ဆုံပွဲတွင် ARCCI အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ထိုင်းနိုင်ငံဘက်မှ Tak ခရိုင် ကုန်သွယ်ရေးရာရုံး၏ ညွှန်ကြားရေးမှူး Ms. Parichart Pongpuntao မှလည်း (Virtual) စနစ်ဖြင့်တက်ရောက်ကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် Tak ခရိုင် CCI အသင်း ကိုယ်စားလှယ် Mr. Pongchai Tonarunchai နှင့် မွန်ပြည်နယ် CCI အထွေထွေအတွင်းရေးမှူး ဦးနေဇော်အောင်တို့က LIMEC (The Laung Prabang – Indochina – Mawlamyine Economic Corridor) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ Corridor တစ်လျှောက်ဆက်စပ်လျက်ရှိသောဒေသများအချင်းချင်း စီးပွားရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နယ်စည်းမခြားပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ပြောကြားကာ Tak ခရိုင်အတွင်းရှိ ကုမ္ပဏီများမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာများ၊ လူသုံးကုန်၊ စားသောက်ကုန်များကို မိတ်ဆက်ပြသကြပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်၊ ကုမ္ပဏီများထဲမှ ၎င်းထုတ်ကုန်များကို တင်သွင်းဖြန့်ဖြူးရန် စိတ်ဝင်စားသူများ၊ ၎င်းထုတ်ကုန်များအတွက်လိုအပ်သော ကုန်ကြမ်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချရန် စိတ်ဝင်စားသောသူများအား ဖိတ်ခေါ်ပါကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နှစ်ဘက်လုပ်ငန်းရှင်များအတွက် online virtual စနစ်ဖြင့် Business Matching ပြုလုပ်နိုင်ရန်စီစဉ်ထားကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ARCCI အသင်းဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို Business Matching တက်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ခံက ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ ပဲပုပ်တင်ပို့ရောင်းချနိုင်ရန် အလားအလာတို့ကို ပြန်လည်ဆွေးနွေးကာ တွေ့ဆုံပွဲကို ညနေ (၀၅:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News