International News

အငြင်းပွားမှုပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ၊ ညှိနှိုင်းဆဲကိစ္စများ အား ဆက်လက်ဆွေးနွေးရန် ကတိကဝတ်များဖြင့် ပြီးဆုံးခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံ

Last Updated:

ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံသည် မျှော်မှန်းရလဒ်များရရှိနိုင်ရန် မတ်လ ၂ ရက်နေ့အထိ ဆက်လက်ကျင်းပခဲ့ရပြီး ရှေ့ဆက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များပါဝင်သော ဝန်ကြီးအဆင့်ကြေညာစာတမ်းအား အတည်ပြုနိုင်ခဲ့ပါသည်။  

အငြင်းပွားမှုဖြေရှင်းရေးစနစ်ကို ၂၀၂၄ ခုနှစ်တွင် အပြည့်အဝနှင့်ကောင်းမွန်စွာလည်ပတ်ရေး၊ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အထူးနှင့်ကွဲပြားသောအခွင့်အရေးများကို ပိုမိုအသုံးပြုစေရေးအပါအဝင် ဆုံးဖြတ်ချက်အချို့နှင့်ပေါင်းစည်းရန် ခက်ခဲသောနယ်ပယ်အားလုံးတွင် ဆက်လက်ညှိနှိုင်းရန် ဝန်ကြီးများက သဘောတူညီခဲ့ကြပါသည်။ ဝန်ကြီးအဆင့်ညီလာခံသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၁၆၄ နိုင်ငံမှ ဝန်ကြီးများ၊ ကုန်သွယ်ရေးအရာရှိများ၊ လေ့လာသူအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ကမ္ဘာ့မီဒီယာများမှ ကိုယ်စားလှယ် ၄၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါသည်။

အဘူဒါဘီဝန်ကြီးအဆင့် ကြေညာစာတမ်းတွင် လက်ရှိကုန်သွယ်ရေးစိန်ခေါ်မှုများကိုတုံ့ပြန်ရန် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပိုမိုခိုင်မာစေရေးနှင့် ဆက်လက်ထားရှိရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား မဏ္ဍိုင်အဖြစ်ထားရှိရန် ကတိပြုခဲ့ပါသည်။

ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားရန်၊ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၂၀၃၀) ရရှိရေးတွင် နိုင်ငံစုံကုန်သွယ်မှုစနစ်မှပံ့ပိုးနိုင်သည့် အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ စီးပွားရေးတိုးတက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှုနှင့် ကုန်သွယ်မှုတွင် ပါဝင်ဆောင်ရွက်မှုတို့ကိုလည်း အသိအမှတ်ပြုရန်တို့ကို ဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးထုတ်ကုန်၏ သုံးပုံနှစ်ပုံကျော်နှင့်ကမ္ဘာ့အလုပ်အကိုင်များ၏ ထက်ဝက်ခန့်ကို ဖန်တီးပေးနေသည့် ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များအနေဖြင့် ပြန်လည်သုံးသပ်မှုများကို ဆက်လက်ဆောင်ရွက်ရန်နှင့် COVID-19 ကပ်ရောဂါကာလ၏ သင်ခန်းစာများကိုအခြေခံ၍ အနာဂတ်တွင် ကပ်ရောဂါဖြစ်ပွားပါက ထိရောက်သော ဖြေရှင်းနည်းများကို ရှာဖွေထားရန် အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းထားပါသည်။

ယူအေအီးနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ၀န်ကြီးနှင့် MC13 သဘာပတိ ဒေါက်တာ Thani bin Ahmed Al Zeyoudi က ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကိုယ်စားလှယ်များ မျှော်မှန်းထားသည့် ရလဒ်အားလုံးထွက်ပေါ်နိုင်မည် မဟုတ်သော်လည်း ၎င်းတို့၏ စိတ်အားထက်သန်မှုသည် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ညီလာခံအစောပိုင်းတွင် ဝန်ကြီးများသည် ရှစ်နှစ်အတွင်း ပထမဆုံးအဖွဲ့ဝင်အသစ်ဖြစ်လာသည့် ကိုမိုရောစ့်နှင့်တီမောလက်စ်နိုင်ငံများကို အဖွဲ့ဝင်အဖြစ်အတည်ပြုခြင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်သောနိုင်ငံများအတွက် သက်သာခွင့်ဆုံးဖြတ်ချက် တစ်ရပ်ကိုချမှတ်ခြင်း၊ နိုင်ငံငယ်များအတွက် လုပ်ငန်းအစီအစဉ်များကို ထပ်မံအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးတွင် လက်ရှိကျင့်သုံးနေသော အီလက်ထရောနစ်ဒေတာနှင့်သတင်းအချက်အလက်များ လွှဲပြောင်းခြင်းအပေါ် အကောက်ခွန်စည်းကြပ်ခြင်းမပြုသည့် ဆုံးဖြတ်ချက်ကို (၁၄) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ (MC14) သို့မဟုတ် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဆက်လက်ကျင့်သုံးရန်၊ ကုန်သွယ်မှုနှင့်စပ်လျဉ်းသော ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက် (TRIPS) အရ ကတိကဝတ်များ ချိုးဖောက်မှုမရှိသော်လည်း တိုင်ကြားနိုင်ခြင်းအား ကင်းလွတ်ခွင့်ပြုသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်။

ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်နှင့်စပ်လျဉ်း၍ ညီလာခံပိတ်ပွဲမတိုင်မီ တောင်အာဖရိက ကလက်ခံကြောင်း တင်ပြခဲ့ပါသည်၊၊ ညီလာခံမကျင်းမီက ဘရူနိုင်း၊ ချဒ်၊ မလေးရှား၊ နော်ဝေး၊ ဖိလစ်ပိုင်၊ ရဝမ်ဒါ၊ ဆော်ဒီအာရေဗျ၊ တိုဂိုနှင့် တူရကီတို့သည် ငါးဖမ်းလုပ်ငန်း သဘောတူစာချုပ်ကို လက်ခံကြောင်း တင်ပြခဲ့ပြီး လက်ရှိတွင် WTO အဖွဲ့ဝင် စုစုပေါင်း ၇၁ နိုင်ငံက လက်ခံကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။

ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala မှ ငါးလုပ်ငန်းဆိုင်ရာ ဒုတိယအကျော့ညှိနှိုင်းမှုများတွင် ကွာဟချက်အချို့ကိုကျဉ်းမြောင်း နိုင်ခဲ့သော်လည်း ညှိနှိုင်းရန်ကိစ္စများ ကျန်ရှိနေကြောင်း၊ အဘူဒါဘီတွင် ဤညှိနှိုင်းမှုများကို ပြီးမြောက်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း သဘောတူညီမှုမရရှိပါက(၁၄)ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် ဆက်လက်ညှိနှိုင်းရမည် ဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။

လယ်ယာကဏ္ဍတွင် အပြင်းအထန်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက်မရခဲ့ဘဲ စားနပ်ရိက္ခာဖူလုံရေးအတွက် အစိုးရဝယ်ယူသိုလှောင်ရေး၊ ထိခိုက်လွယ်နိုင်ငံများ၏ စားနပ်ရိက္ခာတင်သွင်းမှုအပေါ် ပို့ကုန်ကန့်သတ်ချက်များကျင့်သုံးရာတွင် ဖြေလျော့မှုအတိုင်းအတာအပေါ် သဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်ပါသည်။

ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က (၁၂) ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံတွင် လယ်ယာဆိုင်ရာညှိနှိုင်းမှုမူကြမ်းမရရှိခဲ့သော်လည်း ယခုအကြိမ်တွင် မူကြမ်းရရှိခဲ့ခြင်းအပါအဝင် ခက်ခဲသောကိစ္စရပ်များကို ပေါင်းစည်းနိုင်ရန်ကြိုးပမ်းမှုအတွက် အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အခြားကိစ္စရပ်များအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးလွယ်ကူချောမွေ့စေရန် အဖွဲ့ဝင် (၇၂) နိုင်ငံက ပါဝင်ညှိနှိုင်းနေသည့်ဝန်ဆောင်မှုဆိုင်ရာ ပြည်တွင်းစည်းမျဉ်းများအဖွဲ့၏ သဘောတူညီချက်များအား အတည်ပြုပြဋ္ဌာန်းခြင်း၊ ပတ်ဝန်းကျင်ရေရှည် ထိန်းသိမ်းရေး၊ ပလက်စတစ်ညစ်ညမ်းမှုရုပ်ကြွင်း လောင်စာထောက်ပံ့မှုအပေါ် ပြုပြင်ပြောင်းလဲရေးစသည့် ပတ်ဝန်းကျင် ဆိုင်ရာညှိနှိုင်းမှုအဖွဲ့များ၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုတင်ပြခြင်း၊ အဖွဲ့ဝင် ၁၂၃ နိုင်ငံပါဝင်သော ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ရေး သဘောတူညီချက် အပြီးသတ်အတည်ပြုပြီး အများပြည်သူသို့ ချပြခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က မသေချာမရေရာမှုများ၊ ကြောက်မက်ဖွယ်ဂယက်များနှင့် ပြည့်နှက်နေသော ကမ္ဘာ့စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးအခင်းအကျင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အနာဂတ်အတွက် တည်ငြိမ်မှုနှင့် ခံနိုင်ရည်ရှိသော အရင်းအမြစ် တစ်ခုအဖြစ်ရှိနေသေးကြောင်း၊ လူမှုဘဝတိုးတက်စေရန်၊ ကမ္ဘာ့ဂယက်များ၏ သက်ရောက်မှုများကို စီးပွားရေးလုပ်ငန်းများနှင့်နိုင်ငံများကရင်ဆိုင်ဖြေရှင်းနိုင်ရန် ကုန်သွယ်မှုသည်မရှိမဖြစ်လိုအပ်သော တွန်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: www.wto.org

Source: https://commerce.gov.mm

Category: International News