International News

ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ ကုန်သွယ်မှုဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ ရောက်ရှိမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖွယ်ရှိ

Last Updated:

အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော  ကုန်သွယ်ရေးမစ်ရှင်သည် လာမည့်သတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကုန်သွယ်ရေး အရာရှိမှ ၉-၃-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ လာရောက်မည့် ကိုယ်စားလှယ်များတွင် စီးပွား ရေးလုပ်ငန်းစု ၂၂ ခုမှ ကိုယ်စားလှယ်များ၊ မဟာဗျူဟာကဏ္ဍမှ C-Level အဆင့် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ နိုင်ငံခြားကုန်သွယ်မှုအရာရှိမှ ပြောကြားခဲ့ပါသည်။ မစ်ရှင်အား အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Gina Raimondo မှ ဦးဆောင်၍ လာရောက်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ သမ္မတမားကို့စ်၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများအရ သမ္မတဂျိုးဘိုင်ဒန်မှ အဆင်မြင့်ကိုယ်စားလှယ်များပါဝင်သည့် ကုန်သွယ်ရေးမစ်ရှင်အား ဖိလစ်ပိုင်နိုင်ငံသိုစေလွှတ်သွားမည်ဆိုသောကတိကဝတ်များရှိခဲ့ကြပြီးယခုကဲ့သို့လာရောက် ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အမေရိကန်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် သမ္မတမားကို့စ်နှင့် သမ္မတနန်းတော်တွင် တွေ့ဆုံသွားရန် စီစဉ်ထားရှိထားကြောင်းလည်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Alfredo Pascual မှ ပြောကြားခဲ့ပါသည်။

အမေရိကန်သည် ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံထိပ်တန်း (၃) နိုင်ငံတွင် တတိယနေရာ ၌ရပ်တည်လျက်ရှိပြီး ဂျပန်နှင့်တရုတ်မှ ပထမနှင့် ဒုတိယနေရာပြီးတွင် ရပ်တည်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ASEAN-China FTA ဖြင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဂျပန်၊ တရုတ် နှစ်နိုင်ငံစလုံးသည် RCEP ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည်အဆိုပါ ASEAN-China FTA နှင့် RCEP ဆိုင်ရာ သဘောတူညီချက်များအရ  အကောက်ခွန်နှုန်းသက်သာခွင့်များလည်ရရှိထားပြီး ဖိလစ်ပိုင် ပို့ကုန်တင်ပို့သူများအနေဖြင့် ဈေးကွက် ချိတ်ဆက်မှုများလည်း ရရှိထားကြောင်း  ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများတွင် ၁၃ နိုင်ငံမြောက်တွင် ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်တွင် အလုပ်လုပ်ကိုင်နိုင်သူဦးရေ (Young Working Population) သည် ၇၈ သန်းထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ အတိုးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက် ခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများကြားမှ ဖိလစ်ပိုင်နိုင်ငံသည် အခြားသောအာဆီယံနိုင်ငံများကြား ၂၀၂၃ ခုနှစ်ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်တည်ငြိမ်လျက်ရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လည်း အစိုးရ၏အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များ မြှင့်တင်သုံးစွဲခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခြင်း၊ ပြည်တွင်းလောင်စာဆီ ဝယ်လိုအား ခိုင်မာအားကောင်းလာခြင်းတို့ကြောင့်စီးပွားရေးတွင်အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်ရရှိလာနိုင်ကြောင်း United States Department of Agriculture အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ဖက် ထိပ်တန်း ၃ နိုင်ငံတွင် ပါဝင်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ Business Climate တို့အပေါ်တွက်ချက်အခြေခံ၍  အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံသွားရန်နှင့်နှစ်နိုင်ငံကုန်သွယ်မှုအားတိုးမြှင့်သွားရန် စိတ်ဝင်စားလျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source; https://pco.gov.ph/news_releases/ph-sees-stronger-business-partnership-with-us-with-the-arrival-of-high-level-american-delegation/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News