International News

ဘာစမာတီမဟုတ်သောဆန် တင်ပို့ရာတွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်ရန် အိန္ဒိယ အစိုးရစီစဉ်

Last Updated:

အစားအသောက်ဈေးနှုန်းများမြင့်တက်နေမှုနှင့် ငွေကြေးဖောင်းပွမှုတို့ ဖြစ်ပေါ်နေမှုများကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီမဟုတ်သောဆန် ပြည်ပတင်ပို့ရာတွင် ဆန်ကွဲပါဝင်မှု ရာခိုင်နှုန်းကို လျော့နည်းသတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်မှုမှာ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုဖြစ်ပေါ်နေမှု အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဆန်ရောင်းချမှု လုံလောက်စွာရရှိနိုင်ရန်တို့အတွက် ဖြစ်ပါသည်။

၂ဝ၂၄ ခုနှစ် မတ်လတွင် စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုမှာ အနည်းငယ် လျော့နည်းကျဆင်းခဲ့သော်လည်း ဆန်ဈေးနှုန်းများမှာမူ ၁၂.၇ ရာခိုင်နှုန်းအထိသိသာစွာ ဆက်လက်မြင့်တက် ခဲ့ပါသည်။ ဆန်လက်လီဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ၄၄.၄ဝ ရူပီးသို့ မြင့်တက်ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၁၃.၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

အဆိုပါအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီ မဟုတ်သောဆန်နှင့် ပေါင်းဆန်တင်ပို့မှုတို့တွင် ဆန်ကွဲပါဝင်သည့်ရာခိုင်နှုန်းကို လက်ရှိ ၂၅ ရာခိုင် နှုန်းအစား ၅ ရာခိုင်နှုန်းသို့ လျှော့ချရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေပြီး ဆန်ရောင်းချမှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်းတွင် ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အဆိုပါနည်းလမ်းများအနက် ဘာရတ်ဆန် (Bharat rice) ခေါ် အစိုးရအထောက်အပံ့ဖြင့် ဆန်ထုပ်ပိုးရောင်းချမှုကို မိတ်ဆက်ဆောင်ရွက်ခြင်း၊ ကုန်သည်များလက်ဝယ်ရှိ ဆန်လက်ကျန် ထုတ်ဖော်ပြောဆိုမှုများကို တိုးတက်စေခြင်းနှင့် ပို့ကုန်ကန့်သတ်ခြင်းစသည့် ပါဝင်သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း ဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါသည်။

ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဆန်ပို့ကုန်အတွက် အရည်အသွေး သတ်မှတ်ချက်များကို ပြင်ဆင်ရန်အချက်များအား အဆိုပြုခဲ့သည်။ ဥပမာအားဖြင့် ပေါင်းဆန်၌ ဆန်ကွဲ ပါဝင်မှုကို လက်ရှိ ၁၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် ဘာစမာတီ မဟုတ်သောဆန်တွင် ဆန်ကွဲပါဝင်မှုကို ၂၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းတို့ ဖြစ်ပါသည်။ ဆန်တင်ပို့ရာတွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်း သတ်မှတ်ချက်သည် တင်သွင်းသည့်နိုင်ငံများ၏ လိုအပ်ချက်အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ဘာစမာတီမဟုတ်သောဆန်တွင် ဆန်ကွဲပါဝင်မှု ရာခိုင်နှုန်းကို အာဖရိကနိုင်ငံများက ၂၅ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်း သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ဆန်ကွဲပါဝင်မှုရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ခြင်းသည် ဆန်ဈေးနှုန်းများအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားပါသည်။ ဆန်ကို လက်ငင်းရောင်းချသူ ကုန်သည်များ၏ ပြောဆိုချက်အရ လက်ရှိကာလတွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဘာစမာတီ မဟုတ်သောဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၃၅ဝဝဝ နှင့် ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်သည့် ဘာစမာတီမဟုတ်သောဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၃ဝဝဝဝ ရှိကြောင်း သိရှိရပါသည်။ ပြည်ပတင်ပို့သောဆန်တွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်းကို လျှော့ချလိုက်ခြင်းသည် ဆန်ဈေးနှုန်းများကို တည်ငြိမ်စေသည်သာမက အီသနောထုတ်လုပ်မှုကဲ့သို့သော ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် ဆန်များကို ပိုမိုရရှိလာစေပါသည်။ သို့ရာတွင် အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများ သည် ဆန်တင်ပို့မှု လုပ်ငန်းတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သဖြင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများအပေါ် အကဲဖြတ်သုံးသပ်ရန် အစိုးရက တာဝန်ပေးခဲ့ပါသည်။ အကဲဖြတ်မှုပြီးစီးပါက သက်ဆိုင်ရာအာဏာပိုင်များက ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လက်ရှိကာလတွင် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကို ကန့်သတ်ထားပြီး အစိုးရချင်း ညှိနှိုင်းမှု (G to G) စနစ်ဖြင့်သာ တင်ပို့ခွင့်ပြုလျက်ရှိပြီး ပေါင်းဆန်တင်ပို့မှုကိုမူ ပို့ကုန်အခွန် ၂ဝ ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် တင်ပို့ခွင့်ပြုထားပါသည်။ အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကိုလည်း G to G စနစ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ ဆန်ပို့ကုန် ကန့်သတ်မှုများကို ဆောင်ရွက်ခဲ့ပြီး အစိုးရချင်း ညှိနှိုင်းမှုစနစ်ဖြင့် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၂ သန်းခန့်ကို တင်ပို့ခဲ့ပါသည်။

Source: Bharat Rice, 4 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News