International News

ဆန်တန်ချိန် ၈ သန်း တင်ပို့ရန် လုံလောက်မှုရှိကြောင်း ဗီယက်နမ်နိုင်ငံပြောကြား

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄၃ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု  မျှော်မှန်းထားပြီး ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ဆန်တန်ချိန် ၈ သန်းကျော်ရှိသော ပို့ကုန် ဝယ်လိုအားတို့အတွက် လုံလောက်မှုရှိကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ လေးလတွင် ပြည်ပသို့ ဆန်တန်ချိန် ၃.၂၃ သန်း တင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၂.၀၈ ဘီလီယံရရှိခဲ့ရာ ယမန်နှစ်၏ အလားတူကာလ တင်ပို့မှုထက် တန်ဖိုး အားဖြင့် ၃၆.၅ ရာခိုင်နှုန်းနှင့် ကုန်ချိန်ပမာဏအားဖြင့် ၁၁.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယခုနှစ်အစပိုင်းမှစတင်၍ ဆန်ပို့ကုန်တန်ဖိုးမှာ မြင့်တက်လာခဲ့ရာ တစ်တန်လျှင် ၆၄၄ အမေရိကန် ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၂၂.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

မကြာသေးမီက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho မြို့၌ ကျင်းပသည့် ဆန်တင်ပို့မှု ဆိုင်ရာညီလာခံတစ်ရပ်တွင် အစီရင်ခံတင်ပြမှုများအရ အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ကမ္ဘာ့ဆန်ထွက်ရှိမှုသည် တန်ချိန် ၅၁၈ သန်းခန့်သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ စားသုံးမှုအတွက် လိုအပ်ချက်မှာ တန်ချိန် ၅၂၅ သန်းရှိ သဖြင့် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသည် ဆန်တန်ချိန် ၇ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေသည် ဗီယက်နမ်နိုင်ငံအပါအဝင် ဆန်တင်ပို့သူများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှု ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန်ချိန် ၈.၁၃ သန်း တင်ပို့ပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ဆန်စပါးထွက်ရှိမှု အကြီးမားဆုံးနှင့် အချက်အချာဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသတွင် တင်ပို့ရန် ဆန်ပမာဏ စုစုပေါင်းသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၇.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြထားသည်။

Source: Vietnam Plus, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News