International News

ဗီယက်နမ်ဈေးကွက်၌ ကော်ဖီစေ့ဈေးနှုန်းများ ပြန်လည်ကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံတွင် ကော်ဖီစေ့ တစ်ကီလိုဂရမ်လျှင် ၅.၁ အမေရိကန်ဒေါ်လာနှင့်ညီမျှသော ဗီယက်နမ်ဒေါင်ငွေ ၁၃၀၀၀၀ ကျော်အထိ ရောက်ရှိပြီးနောက် ပြည်တွင်းကော်ဖီဈေးနှုန်းများသည် မကြာသေးမီ ရက်များအတွင်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။ ၆-၅-၂၀၂၄ ရက်နေ့၌ ကော်ဖီစေ့ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀ ခန့် ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်ကီလိုဂရမ်အပေါ် ဗီယက်နမ်ဒေါင် ၃၀၀၀၀ အထိ လျော့ကျသွားကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးရေး အချက်အချာနေရာဖြစ်သည့် ဗဟို ကုန်းပြင်မြင့်ပြည်နယ်များတွင် လက်ရှိကော်ဖီစေ့ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရှိရသည်။

လန်ဒန်နှင့် နယူးယောက် ကုန်စည်စတော့ဈေးကွက်များ အပါအဝင် ကမ္ဘာ့ဈေးကွက်တွင် ရောင်းချသည့် ကော်ဖီစေ့စျေးနှုန်းများ သိသာစွာကျဆင်းခဲ့သည်။ Intercontinental Exchange (ICE) တွင် ကော်ဖီစေ့ကုန်လက်ကျန်များ ပြန်လည်ကောင်းမွန်လာခြင်းသည် ရောင်းလိုအားပတ်သက်၍ စိုးရိမ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး ကော်ဖီစေ့စျေးနှုန်းများ ကျဆင်းစေခဲ့သည်။ မေလ ၃ ရက်နေ့ ကုန်သွယ်ရောင်းဝယ်မှုတွင် ဇူလိုင်လ၌ သင်္ဘောတင်ပေးပို့ရမည့် အာရေးဘီကာ ကော်ဖီဈေးနှုန်းသည် တစ်ပေါင်လျှင် ၂၀၀.၇၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ၅.၃၅ ဆင့် တန်ဖိုးလျော့ကျခဲ့ကြောင်း၊ ရိုဘတ်စတာကော်ဖီစေ့ဈေးနှုန်းသည် တစ်တန်လျှင် ၃၅၄၁ ဒေါ်လာနှုန်းသို့ ကျဆင်းပြီး တစ်တန်အပေါ် ၁၃၉ ဒေါ်လာ တန်ဖိုးကျဆင်းလျက် ယခင်လထက် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

ကျွမ်းကျင်သူများ၏အဆိုအရ ဗီယက်နမ်ပြည်တွင်း၌ ကော်ဖီစေ့ဈေးနှုန်းများသည် မကြာသေးမီရက်များအတွင်း သိသိသာသာ ကျဆင်းလာခဲ့ပြီး ကမ္ဘာ့ကော်ဖီစေ့အရောင်း တိုးလာခြင်း ကြောင့် ယခင်လတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

မကြာသေးမီက ကော်ဖီဈေးနှုန်းများ မြင့်တက်ရခြင်းမှာ အရောင်းကန့်သတ်ထားသည့်အတွက်ကြောင့်ဖြစ်ကြောင်း ဗဟိုကုန်းပြင်မြင့်ပြည်နယ်တစ်ခုဖြစ်သော Dak Lak ပြည်နယ်ရှိ ကော်ဖီတင်ပို့သည့် လုပ်ငန်းတစ်ခုက ပြောကြားခဲ့သည်။ ရောင်းလိုအားများလာသည့်အချိန်တွင် ကော်ဖီစျေးနှုန်းများ တည်ငြိမ်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ အဓိက ကော်ဖီစိုက်ပျိုးသည့်ဒေသများတွင် ယခင်သီတင်းပတ်က မိုးရွာသွန်းမှုက လာမည့်ရာသီ၌ သီးနှံထွက်ရှိနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကို သက်သာစေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံ၌ လာမည့်ကော်ဖီသီးဆွတ်ခူးသည့်ရာသီတွင် ကော်ဖီစေ့ဈေးနှုန်းနှင့် စပ်လျဉ်း၍ ကြုံတွေ့နေရသည့် ဖိအားများအား လျှော့ချပေးနိုင်သည့် ရောင်းအားအသစ်များ ဖန်တီးပေးနိုင်လိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်ထားသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ကော်ဖီတန်ချိန် ၇၅၆၀၀၀ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ လေးလ ပတ်တွင် အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံနီးပါး ရရှိကာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၅.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၅၇.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

Source: Vietnam News, 6 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News