Local News

မြန်မာ့ စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ တိုးမြှင့်ဝယ်ယူနေ

Last Updated:

     မြန်မာ့စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ တိုးမြှင့်ဝယ်ယူနေပြီး ဝယ်လိုအားမြင့်တက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ထိုင်းနိုင်ငံအနေဖြင့် စားသောက်ကုန်လုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လာနိုင်သည့်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှ စားသောက်ကုန် ကုန်ပစ္စည်းကုန်ကြမ်းများကို တိုးမြှင့်ဝယ်ယူနေခြင်း ယခင်နှစ်ကထက် ဝယ်လိုအား မြင့်တက်လာကြောင်း သိရသည်။

     မြဝတီ ကုန်သွယ်ရေးဇုန်မှ ၂ဝ၂၃ - ၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇူလိုင်လ(၃) ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၈ ဒသမ ၀၇၂ သန်း တင်ပို့ထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။ လက်ရှိတွင် တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဆီးဖြူသီးခြောက်၊ မန်ကျည်းသီးများကို တင်ပို့လျက်ရှိပြီး ရေထွက်ကုန်ဖြစ်သည့် ဂဏန်းအရှင်၊ သဲဂဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာနှင့် CMP အဝတ်အထည်များကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံဖက်မှလည်း ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

Source: Popular News Journal

Category: Local News