Local News

ထောပတ်ပဲ ဝယ်လက်များသော်လည်း ပဲလက်ကျန် ရှားပါးနေ

Last Updated:

      ပြည်တွင်းစားသုံးသူဈေးကွက်တွင် ထောပတ်ပဲများ ဆက်တိုက်တက်လာပြီး တက်ဈေးဖြင့်ဈေးငြိမ်နေကာ ဝယ်လက်များသော်လည်း ပဲလက်ကျန်ပစ္စည်း ရှားပါးနေကြောင်း မန္တလေးမြို့ ပဲမျိုးစုံ ဈေးကွက်မှ သတင်းရရှိသည်။ ထောပတ်ပဲ ရာသီပေါ်ချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ သိန်းပေါက်ဈေးရှိရာမှ သုံးလအတွင်း ၃၂၀၀၀၀ ကျပ်အထိ ဈေးတက်လာခဲ့ပြီး တက်ဈေးဖြင့် ယခုရက်ပိုင်းအတွင်း ငြိမ်နေကြောင်း၊  တရုတ်နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့နေရ၍ ဝယ်လက်ရှိသော်လည်း ကုန်သည်လက်ထဲတွင် လက်ကျန်ပစ္စည်းနည်းပါးနေကြောင်း မန္တလေးမြို့ ဝင်းဝင်းပွဲရုံမှ ပွဲရုံပိုင်ရှင် ဦးရဲမိုးကပြောသည်။ 

     “ပစ္စည်းလက်ကျန်နည်းနေတာလည်း ဖြစ်နိုင်သလို လှောင်လက်တွေက ဈေးမကြိုက်လို့ စောင့်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ မန္တလေးမြို့ ကုန်စည်ဈေးကွက်မှာတော့ ထောပတ်ပဲက ဆက်တိုက် တက်လာတာ ၂၆၊ ၂၇ ၊ ၂၈ ကနေ အခု သုံးသိန်းနှစ်သောင်း လောက်ရှိလာပြီ ငြိမ်နေတယ်”ဟု ဦးရဲမိုးကပြောသည်။ မကွေး ပဲဈေးကွက်တွင် ထောပတ်ပဲလက်ကျန် မရှိတော့သဖြင့် ထောပတ်အဝယ်ရှိသော်လည်း အရောင်းမရှိတော့ကြောင်း၊ လွန်ခဲ့သည့် တစ်လခန့်က သုံးပိဿာ တစ်တင်းလျှင် ၈၃၀၀၀ ကျပ် ပေါက်ဈေး ရှိခဲ့ကြောင်း မကွေးမြို့ပဲဈေးကွက်မှ ဦးမြင့်အောင်ကပြောသည်။ 

     “လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ဈေးဖြစ်လိုက်တယ်။ အခုက ထောပတ်ပဲက ကုန်သွားပြီး လှောင်လက်တွေမှာပဲ ရှိတော့မယ်။ မကွေးဘက်မှာတော့ ဈေးကွက်မရှိတော့ အခု အပ်ဒိတ်မသိတော့ဘူး” ဦးမြင့်အောင်ကပြော သည်။ ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ထောပတ်ပဲ တစ်ပိဿာလျှင် ၄၁၇၀ ကျပ်ရှိပြီး FOB ပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၃၅ မှ ၁၁၆၅ ဒေါ်လာ ပေါက်ဈေးရှိပြီး အခွံချွတ်အခြမ်း တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၁၂၃၅ မှ ၁၂၆၅ ဒေါ်လာရှိကြောင်း ဘုရင်နောင်ကုန်စည်ဈေးကွက်မှသိရသည်။ 

     “ထောပတ်ပဲက ရန်ကုန်မှာ Shipping လိုင်းတွေပဲရှိတယ်။ ဂျပန် ဆွဲတယ်။ အဓိကကတော့ တရုတ်ကို နယ်စပ်ကနေ တင်ပို့နေရတာပေါ့။ မန္တလေးဈေးကွက်မှာ ထောပတ်ပဲ အဝယ်လိုက်တယ်လို့ပြောတယ်” ဟု ရန်ကုန်မြို့ ပဲဈေးကွက်မှ ကုန်သည်တစ်ဦးကပြောသည်။ ယခု ထောပတ်ပဲဈေးမြင့်တက်မှုသည် ပြည်ပအဝယ်သွက်ခြင်းကြောင့် စံချိန်တင်ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ပဲကုန်သည်များ က ပြောသည်။ 

     မန္တလေးမြို့ ထောပတ်ပဲ ဈေးကွက်တွင် ထောပတ်ပဲကို အမျိုးအစားလေးမျိုး သတ်မှတ်ထားပြီး ပေါက်ပြားကြီး ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်၊ ပုံမှန်ထောပတ်ပဲဆိုက်ဒ်သုံးတင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်၊ အလတ်ဆိုက်ဒ် သုံးတင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ကျပ်၊ အသေးဆိုက်ဒ် သုံးတင်းဝင်တစ်အိတ်လျှင်၂၆၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်ဈေးပေါက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်နှစ် ကာလတူ အခြေအနေမှာ ထောပတ်ပဲတစ်အိတ်ကို အမြင့်ဆုံးဈေး ငွေကျပ် ၁၅၀၀၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။ 

     ထောပတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် စိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီး မင်းဘူး၊ ဆင်ဖြူကျွန်း၊ စလင်းဒေသ၊ ဂန်ဂေါ်၊ မန္တလေးတိုင်းဒေသကြီး မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ စစ်ကိုင်းဒေသကြီးရှိ ကလေး၊ ကလေး၀၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသတို့တွင်စိုက်ပျိုးကြသည်။ 

Source: Awba

Category: Local News