Local News

ပင်းတယမြို့နယ်၌ ခရမ်းချဉ်သီးများ ထွက်ရှိနေပြီဖြစ်၍ စတင်ဆွတ်ခူး ရောင်းချ

Last Updated:

     ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို စီးပွားဖြစ်လုပ်ကိုင်ကြရာ လက်ရှိတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍   စတင်ဆွတ်ခူး ရောင်းချလျက်ရှိကြောင်း သိရသည်။ ပင်းတယမြို့နယ် အနီးရှိ ကျေးရွာများ၌ သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုအခါ ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက် ရှိနေပြီဖြစ်၍ တခြားဒေသများသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။  ပင်းတယမြို့နယ်အနီး  ဇော်ဂျီချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံး ခရမ်းချဉ်သီးကို စီးပွားဖြစ်ဧက အများအပြား စိုက်ပျိုးကြရာ စိုက်ပျိုးပြီးသုံးလအကြာတွင် စတင်ဆွတ်ခူး ရောင်းချနိုင်ကြောင်း သိရသည်။

     ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မြေ၏ ပကတိအစိုဓာတ်အတိုင်း  စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင် မြေအစိုဓာတ်လျော့နည်းသွားခြင်း မရှိစေရန်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ ပင်းတယမြို့နယ်အနီးရှိ  ကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပထိုး၊  ပွေးလှ စသည့်ကျေးရွာများ၌   ခရမ်းချဉ်သီးကိုစီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးကြသကဲ့သို့  မိသားစုစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလည်းရှိသည်။ ဒေသထွက် ခရမ်းချဉ်သီးများကို ရန်ကုန်၊  မန္တလေး၊ အောင်ပန်းစသည့်မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။         

Source: https://www.myawady.net.mm

Category: Local News