International News

အိန္ဒိယနိုင်ငံ၌ အဓိကစိုက်ပျိုးရာဒေသများတွင် ဆောင်းကြက်သွန်နီ စိုက်ဧက လျော့ကျ

Last Updated:

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီကို အဓိကစိုက်ပျိုးထုတ်လုပ်သည့် မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်အထိ ဆောင်းကြက်သွန်နီ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှုနှင့် နှိုင်းယှဉ်ပါက ၂၀% ခန့် လျော့နည်းလျက်ရှိကြောင်း သိရှိရသည်။

ဆောင်းကြက်သွန်နီစိုက်ပျိုးမှု ရာသီပိတ်သိမ်းချိန်ရောက်ရှိရန် ရက်အနည်းငယ်မျှကျန်ရှိနေ သေးသော်လည်း အိန္ဒိယနိုင်ငံ၏ ယခုနှစ်ဆောင်းရာသီ၌ ကြက်သွန်နီစိုက်ပျိုးမှု ဧရိယာသည် ၁၀% မှ ၁၅% ခန့်အထိ ကျဆင်းနိုင်မည်ဟု ကုန်သည်အသိုင်းအဝိုင်းမှ ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိသည်။ ဤအခြေအနေက ရှေ့လာမည့် မတ်-ဧပြီလများအထိ ကြက်သွန်နီဈေးနှုန်းများ မြင့်မားလျက် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုအပေါ် တွန်းအားဖြစ်စေပြီး လော့ဆာဘလွှတ်တော် ရွေးကောက်ပွဲကျင်းပရန် ကာလမတိုင်မီအချိန်၌ အစိုးရအနေဖြင့် ဖိအားများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်အချို့က ပြောဆိုကြသည်။

ဈေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သော Crisil Market Intelligence and Analytics မှ ဒါရိုက်တာ Pushan Sharma က လက်ရှိ ဆောင်းကြက်သွန်နီ စိုက်ပျိုးပြီးစီးမှုအဆင့်သည် အတိုင်းအတာတစ်ရပ်အထိ ပြန်လည်တိုးတက်လာနိုင်ကြောင်း၊ သို့သော် ရာသီပိတ်သိမ်းချိန်၌ စိုက်ပျိုးမှုဧရိယာသည် ၁၀% ခန့်အထိ လျော့နည်းကျဆင်းမှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုတွင် ဆောင်းသီးနှံရာသီ၌ စိုက်ပျိုးမှုက ၇၀% ခန့်ဖြင့် အများဆုံး ပါဝင်လျက်ရှိသည်။ ဆောင်းကြက်သွန်နီသည် သိုလှောင်နိုင်မှု သက်တမ်း ၅ လ မှ ၇ လ အထိရှိသဖြင့် အိန္ဒိယနိုင်ငံရှိ များပြားသောလူဦးရေပမာဏ၏ စားသုံးမှုအတွက် မတ်လမှ စက်တင်ဘာလတိုင်အောင် ရောင်းလိုအားနှင့် ဝယ်လိုအား ပြောင်းလဲမှုဖြစ်စဉ် ဟန်ချက်ညီမျှမှုရှိ စေရန် အဓိကထိန်းသိမ်းပေးနိုင်မည့် ထုတ်လုပ်မှုလည်းဖြစ်သည်။

အိန္ဒိယနိုင်ငံစိုက်ပျိုးရေးသုတေသနကောင်စီ (Indian Council of Agricultural Research) ၏ အချက်အလက်များအရ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် ဆည်တာတမံများ၏ ရေသိုလှောင်မှုအဆင့်များမှာ အလွန်အမင်း နိမ့်ကျလျက်ရှိကြောင်း၊ ဆည်ရေပေးဝေနိုင်မည့် အလားအလာ နည်းပါးသဖြင့် စိုက်ခင်းများအတွင်း ရေပေးသွင်းမှု ၁၂ ကြိမ်မှ ၁၅ ကြိမ်ခန့်အထိ ဆောင်ရွက်ရမည့် တောင်သူများ၏ ဆောင်းကြက်သွန်နီ စိုက်ပျိုးခြင်းကို ကျဆင်းစေလျက်ရှိကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြထားသည်။

Source: Economic Times, 9 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News