Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့မှ(၉)ရက်အတွင်း ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေ

Last Updated:

     မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့မှ(၉)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၃၉၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်း သိရှိရသည်။

     တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့်(၁၀၄)တန်၊ တန်ဖိုး(၁၀၄၀၀)ဒေါ်လာ၊ ဆီးဖတ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅)နှုန်းဖြင့် (၈၈)တန်၊ တန်ဖိုး(၁၀၁၂၀) ဒေါ်လာနှင့်ချင်းအစို(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)နှုန်းဖြင့် (၇၅)တန်၊ တန်ဖိုး (၃၃၇၅၀) ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပါကြောင်း သိရှိရပါသည်။ ငွေစျေးနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၀၈.၆၂၈)တာကာနှင့် (၁)တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်မှာ ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ (၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ်(၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

      ရန်ကုန်-စစ်တွေ ကားလမ်းမှာ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှု မရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ်မူတည်၍ ကုန်တင်လှေများ သွားလာလျက်ရှိသည်။

    ၂၀၂၃ ခုနှစ်၊ဇူလိုင်လ (၆) ရက်နေ့မှ (၉) ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်စျေးမှာ (၁)အောင်စလျှင် (၂၀၅၃၃၈.၀၀)တာကာနှင့် အခြေခံစားကုန်‌စျေးနှုန်းများမှာ ဆန် (အဖြူ) (၁)ကီလို (၅၉.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၉.၀၀)တာကာ၊ အာလူး (၁)ကီလို (၃၉.၀၀)တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၇၀.၀၀)တာကာ၊ ကြက်သား (၁)ကီလို (၃၂၉.၀၀)တာကာ၊ ကြက်ဥ (၁)ဒါဇင် (၁၄၅.၀၀)တာကာ စျေးရှိကြောင်းသိရှိရပါသည်။ ယခုအပတ် ငွေလဲနှုန်းမှာ(၁)တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ကြောင်းသိရှိရသည်။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည်၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်းကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News