Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ စက်တင်ဘာလတွင် ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ ဩဂုတ်လအတွင်းက ကင်းမွန်ပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကင်းမွန်တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ မှ ၂၇၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“လပွတ္တာဒေသကနေ ရန်ကုန်ဘက်ကို ရေထွက်ကုန်တွေပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ လက်ရှိကင်းမွန်တွေ အဝင်များနေပါတယ်။ အရင်ကနဲ့စာရင် အရောင်းအဝယ်သွက်လာပါတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ အခုထက် ပိုမိုတင်ပို့ရောင်းချရဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လကနဲ့စာရင် စက်တင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၂၅၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချရပါတယ်။ ကုန်များများ တင်ပို့ရောင်းချအားရှိခဲ့တော့ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေအဆင်ပြေတာတွေ့ရပါတယ်။ လက်ရှိ ကင်းမွန်ဈေးကတော့ ငြိမ်နေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြသည်။

ဖမ်းယူရရှိသည့် ကင်းမွန်များကို စနစ်တကျ စစ်ဆေးသန့်စင်ပြီးရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကင်းမွန်များကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News