Local News

တစ်ပတ်အတွင်းမတ်ပဲဈေးကွက်အခြေအနေ(၁၆-၇-၂၀၂၆ အထိ)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်မှစတင်ကာ တဖြည်းဖြည်း ဆက်လက်မြင့်တက်လာကြောင်းတွေ့ရသည်။ ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ ၁၀ ရက်နေ့တွင် မတ်ပဲ တင်းဈေးနှုန်း ကျပ် ၁၀၇၂၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၁၀၉၅၀၀၊ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ကျပ် ၁၁၁၀၀၀၊ ညနေပိုင်းတွင် ကျပ် ၁၁၅၀၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၁၁၄၀၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၁၁၄၃၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံအတွင်း မိုးရွာသွန်းမှုမမှန်ကန်ခြင်း၊ စိုက်ပျိုးဧရိယာလျော့ကျခြင်း၊ ဘရာဇီးမတ်ပဲ တင်သွင်းမှုလျော့ကျခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံအတွင်းမတ်ပဲလိုအပ်ချက်များပြားလျှက်ရှိပြီး မြန်မာ မတ်ပဲများအိန္ဒိယဆိပ်ကမ်းသို့မရောက်မီ မတ်ပဲလိုအပ်ချက်ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲ ဈေးမြင့်တက်လာသည်။ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်မြင့်တက်လာခြင်းသည်လည်း မတ်ပဲ ဈေးတက်လာခြင်းအကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။

သို့သော်လည်း ဈေးတက်လာချိန်တွင် အဝယ်ခေတ္တရပ်ဆိုင်းခြင်းအပြင် အိန္ဒိယအစိုးရ၏ ဈေးနှုန်းထိန်းညှိမှုမူဝါဒအရ သိုလှောင်ခွင့်သတ်မှတ်ထားခြင်းတို့ကြောင့် ဈေးနှုန်းအလွန်အမင်း ဆက်မတက်ပဲဈေးပြန်အေးသွားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာမတ်ပဲတင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုထားခြင်း၊ မိုးရွာသွန်းမှုအခြေအနေတိုးတက်မလာပါက အိန္ဒိယ၏မတ်ပဲလိုအပ်ချက်များပြားပြီး ဈေးနှုန်းထပ်မံ မြင့်တက်လာနိုင်ခြင်း၊ မြန်မာပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးလာပြီဖြစ်ခြင်းတို့ကြောင့် ယခု လက်ရှိဈေးထက်ထပ်မံကျဆင်းနိုင်ချေမရှိကြောင်း သုံးသပ်ရရှိပါသည်။

Category: Local News